အမေရိကန်သမိုင်းတွင် အကြီးမားဆုံးသော အခွန်လျှော့ချမှုများကို ပြုလုပ်ခဲ့သည်ဟု ထရမ့် ပြောကြား

News Image

  • အမေရိကန်သမိုင်းတွင် အကြီးမားဆုံးသော အခွန်လျှော့ချမှုများကို ပြုလုပ် ခဲ့သည်ဟု ထရမ့် ပြောကြား

သမ္မတ ဒေါ်နယ်ထရမ့်သည် ၎င်းပြီးခဲ့သည့်နွေရာသီက လက်မှတ်ရေးထိုးခဲ့သော ကျယ်ပြန့်သည့် ပြည်တွင်းမူဝါဒ အစီအစဉ်များသည် အမေရိကန်သမိုင်းတွင် "အကြီးမားဆုံးသော အခွန်လျှော့ချမှုများ" ဖြစ်သည်ဟု နောက်တစ်ကြိမ် ထပ်မံပြောကြားခဲ့သည်။ သို့သော် လက်တွေ့တွင်မူ ထိုသို့မဟုတ်ပေ။

၎င်းက "ကြီးမားပြီး လှပသည့် ဥပဒေကြမ်း" ဟု တင်စားခေါ်ဝေါ်သော ထိုဥပဒေသည် အခွန်ဥပဒေတွင် အမြဲတမ်းနှင့် ယာယီ အပြောင်းအလဲများစွာကို ပြုလုပ်ခဲ့သည်။ ယင်းတို့တွင် ဝန်ဆောင်ခ (Tips) နှင့် အချိန်ပို (Overtime) ကြေးများအပေါ် အခွန်ကင်းလွတ်ခွင့်ပေးခြင်း၊ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်ရှိသော မိဘများကို အပိုဆောင်း အခွန်သက်သာခွင့်ပေးခြင်းနှင့် ကုမ္ပဏီများအနေဖြင့် အချို့သော ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုမြန်ဆန်စွာ ခုနှိမ်ခွင့်ပြုခြင်းတို့ ပါဝင်သည်။ 

ယခုလအစောပိုင်းက ထုတ်ပြန်ခဲ့သည့် လွှတ်တော်ဘတ်ဂျက်ရုံး (CBO) ၏ နောက်ဆုံးဆန်းစစ်ချက်အရ အဆိုပါအခွန်လျှော့ချမှုများသည် ၁၀ နှစ်တာကာလအတွင်း အမေရိကန်ဒေါ်လာ ၄.၈ ထရီလီယံ (သို့မဟုတ်) နိုင်ငံ၏ စုစုပေါင်းပြည်တွင်းထုတ်ကုန် (GDP) ၏ ၁.၃ ရာခိုင်နှုန်းခန့် ရှိမည်ဖြစ်သည်။

သို့သော် ကျွမ်းကျင်သူများ၏ အဆိုအရ အဆိုပါဥပဒေကြမ်းမှာ သမိုင်းတွင် အကြီးမားဆုံး အခွန်လျှော့ချမှု မဟုတ်ပေ။ ဘက်မလိုက်စောင့်ကြည့်လေ့လာရေးအဖွဲ့ Committee for a Responsible Federal Budget မှ မူဝါဒဆိုင်ရာညွှန်ကြားရေးမှူး Chris Towner ၏ ပြောကြားချက်အရ ၁၉၁၈ ခုနှစ်နောက်ပိုင်း GDP အချိုးအစားအရ ကြည့်လျှင် အဆိုပါ လျှော့ချမှုသည် အဆင့် (၇) တွင်သာ ရှိသည်။

သမိုင်းတွင် အကြီးမားဆုံးမှာ သမ္မတဟောင်း ရော်နယ်ရီဂင်၏ ၁၉၈၁ ခုနှစ် အခွန်စီမံချက်ဖြစ်ပြီး ယင်းမှာ လေးနှစ်တာကာလအတွင်း GDP ၏ ၂.၉ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။ (အခွန်ရရှိမှု အပြောင်းအလဲကို GDP ၏ အချိုးအစားဖြင့်တွက်ချက်ခြင်းမှာ အခွန်ဖြတ်တောက်မှု၏ ပမာဏကို တိုင်းတာသည့် ယေဘုယျနည်းလမ်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် စီးပွားရေးပမာဏနှင့် နှိုင်းယှဉ်၍ အပြောင်းအလဲများကို ဖော်ပြနိုင်သောကြောင့် ဖြစ်သည်။ အဆိုပါနည်းလမ်းသည် ငွေကြေးဖောင်းပွမှုနှင့် လူဦးရေပြောင်းလဲမှုများ ရှိနေသော်လည်း ကာလတစ်ခုနှင့်တစ်ခုကို နှိုင်းယှဉ်နိုင်စေသည်)။ အလားတူပင် လက်ယာယိမ်း သုတေသနအဖွဲ့တစ်ခုဖြစ်သည့် Tax Foundation ၏ တွေ့ရှိချက်အရလည်း အဆိုပါ ဥပဒေကြမ်းမှာ GDP အချိုးအစားအရ ၁၉၄၀ ပြည့်နှစ်နောက်ပိုင်း ၆ ခုမြောက် အကြီးမားဆုံး အခွန်လျှော့ချမှုသာ ဖြစ်သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂