သွင်းကုန်ခွန်များသည် ဝင်ငွေခွန်ကို အစားထိုးနိုင်မည်ဟု ဒေါ်နယ်ထရမ့် ပြောကြား

News Image

  • သွင်းကုန်ခွန်များသည် ဝင်ငွေခွန်ကို အစားထိုးနိုင်မည်ဟု ဒေါ်နယ်ထရမ့် ပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏သွင်းကုန်ခွန် (Tariffs) တိုးမြှင့် ကောက်ခံမည့်မူဝါဒသည် အနာဂတ်တွင် အမေရိကန်ပြည်သူများ ပေးဆောင်နေရသည့် ဝင်ငွေခွန် (Income Tax) စနစ်ကို အလုံးစုံအစားထိုးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

သမ္မတထရမ့်က ၎င်း၏ နိုင်ငံတော်အခြေပြမိန့်ခွန်း (State of the Union address) တွင် "နိုင်ငံခြားတိုင်းပြည်များမှ ပေးဆောင်ရမည့် သွင်းကုန်ခွန်များသည် အတိတ်ကာလကကဲ့သို့ပင် ခေတ်သစ်ဝင်ငွေခွန်စနစ်၏နေရာတွင် အကြီးအကျယ်အစားထိုးဝင်ရောက်လာမည်ဖြစ်ပြီး ပြည်သူများအပေါ် ကျရောက်နေသည့် ငွေကြေးဝန်ထုပ်ဝန်ပိုးများကို ဖယ်ရှားပေးနိုင်လိမ့်မည်ဟု ယုံကြည်သည်" ဟု ထည့်သွင်းပြောဆိုခဲ့သည်။

သို့ရာတွင် စီးပွားရေးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များအရ သွင်းကုန်ခွန်မှ ရရှိသည့်ဝင်ငွေသည် ဝင်ငွေခွန်မှရရှိသည့်ပမာဏကို အစားထိုးရန် လုံလောက်မှုမရှိနိုင်ကြောင်း ထောက်ပြမှုများ ရှိနေသည်။ အမေရိကန် ဖက်ဒရယ်အစိုးရသည် တစ်နှစ်လျှင် ဝင်ငွေခွန်မှ ဒေါ်လာ ၃ ထရီလီယံခန့် ရရှိနေပြီး၊ တစ်ဖက်တွင်လည်း နှစ်စဉ် ပစ္စည်းတင်သွင်းမှု တန်ဖိုးမှာ ဒေါ်လာ ၃ ထရီလီယံခန့် ရှိနေသည်။ ထို့ကြောင့် ဝင်ငွေခွန်နေရာတွင် အစားထိုးနိုင်ရန်အတွက် အနည်းဆုံး သွင်းကုန်အားလုံး အပေါ် အခွန်နှုန်းထား ၁၀၀ ရာခိုင်နှုန်းခန့်အထိ ကောက်ခံရန် လိုအပ် မည်ဖြစ်သည်။

Tax Foundation ၏ ထုတ်ပြန်ချက်အရ လက်ရှိ အမေရိကန်၏ ထိရောက်သော သွင်းကုန်ခွန်နှုန်းထားမှာ ၁၀ ရာခိုင်နှုန်းဝန်းကျင်တွင်သာ ရှိနေသဖြင့် ဝင်ငွေခွန်ကို အစားထိုးရန်အတွက် အဆိုပါနှုန်းထားကို ၁၀ ဆခန့်အထိမြှင့်တင်ရမည့် အခြေအနေရှိသည်။ သို့သော် သွင်းကုန်ခွန်နှုန်းထားကို ထိုမျှအထိ အဆမတန်မြှင့်တင်ခြင်းသည် ကုန်စည်ဝယ်လိုအားကို ကျဆင်းစေနိုင်သဖြင့် အမှန်တကယ်ရရှိမည့် အခွန်ဝင်ငွေမှာ ခန့်မှန်းချက်အောက် လျော့နည်းသွားနိုင်ကြောင်း ပညာရှင်များက သုံးသပ်ကြသည်။

ထို့အပြင် ဥပဒေကြောင်းအရ စိန်ခေါ်မှုများလည်း ရှိနေသည်။ အမေရိကန် တရားရုံးချုပ်က သမ္မတထရမ့်၏ သွင်းကုန်ခွန်ဆိုင်ရာ လုပ်ဆောင်ချက်အများစုမှာ ဥပဒေနှင့်ညီညွတ်မှုမရှိကြောင်း ဆုံးဖြတ်ထားသဖြင့် နှုန်းထားများကို ထပ်မံမြှင့်တင်ရန် ခဲယဉ်းနိုင်သည့်အပြင် ဖက်ဒရယ်ဝင်ငွေခွန်ကို အပြီးသတ်ပယ်ဖျက်နိုင်ရန်အတွက် အမေရိကန် လွှတ်တော် (Congress) တွင် ဥပဒေအသစ်တစ်ရပ် ပြဋ္ဌာန်းအတည်ပြုရန် လိုအပ်မည်ဖြစ်သည်။

ကိုးကား- CNN

Photo: WSJ

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂