တရားရုံးချုပ် ဆုံးဖြတ်ချက်အပေါ် အခွင့်ကောင်းယူသည့် နိုင်ငံများကို သွင်းကုန်ခွန်တိုးမြှင့်မည်ဟု သမ္မတ ထရမ့် ခြိမ်းခြောက်
တရားရုံးချုပ်၏ ဆုံးဖြတ်ချက်ထွက်ပေါ်လာပြီးနောက် အခြေအနေကို အခွင့်ကောင်းယူကာ ကစားလိုသည့် မည်သည့်နိုင်ငံမဆို ပိုမိုမြင့်မားသော သွင်းကုန်ခွန်များကို ပေးဆောင်ရမည်ဟု သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လာနေ့ (ဖေဖော်ဝါရီ ၂၃) တွင် သတိပေး ခြိမ်းခြောက်လိုက်သည်။
သမ္မတက ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာတွင် “အဆိုပါ ရယ်စရာကောင်းသည့် တရားရုံးချုပ်၏ ဆုံးဖြတ်ချက်အပေါ် အခြေခံပြီး ကစားချင်နေသည့် မည်သည့်နိုင်ငံမဆို၊ အထူးသဖြင့် အမေရိကန်ကို နှစ်ပေါင်းများစွာ၊ ဆယ်စုနှစ်ပေါင်းများစွာ တစ်ဖက်သတ် အမြတ်ထုတ်ခဲ့သည့် နိုင်ငံများသည် ၎င်းတို့ ယခုလက်ရှိ သဘောတူထားသည်ထက် အဆပေါင်းများစွာ ပိုမြင့်သည့် သွင်းကုန်ခွန်တွေ၊ သို့မဟုတ် ထို့ထက် ပိုဆိုးသည့်အခြေအနေများနှင့် ရင်ဆိုင်ရပါလိမ့်မည်” ဟု ရေးသားခဲ့သည်။
ထရမ့် သတ်မှတ်ခဲ့သည့် အရေးပေါ် ကုန်သွယ်ရေး သွင်းကုန်ခွန်များသည် ဥပဒေနှင့် မညီကြောင်း တရားရုံးချုပ်က ပြီးခဲ့သည့် သောကြာနေ့ (ဖေဖော်ဝါရီ ၂၀) တွင် ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီးနောက် သမ္မတသည် တရားရုံးချုပ်အပေါ် ဆက်တိုက် ပြစ်တင်ဝေဖန်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။ သမ္မတသည် ၎င်း၏ကုန်သွယ်ရေးစစ်ပွဲကို အရှိန်မြှင့်တင်ရန် ဆုံးဖြတ်ခဲ့ပြီး ပြီးခဲ့သည့် ရုံးပိတ်ရက်အတွင်းကလည်း ကမ္ဘာလုံးဆိုင်ရာ သွင်းကုန်ခွန်သစ် ၁၅ ရာခိုင်နှုန်းကို ထပ်မံတိုးမြှင့်ကြောင်း ကြေညာ ခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး -၂
