တရားမဝင်ကြောင်း ဆုံးဖြတ်ခြင်းခံရသော သွင်းကုန်ခွန်များမှရရှိသည့် ဒေါ်လာ ၁၃၄ ဘီလီယံကို ထရမ့်အစိုးရက ပြန်အမ်းရန် ဒီမိုကရက်များ ဥပဒေကြမ်းတင်သွင်း

News Image

  • တရားမဝင်ကြောင်း ဆုံးဖြတ်ခြင်းခံရသော သွင်းကုန်ခွန်များမှရရှိသည့် ဒေါ်လာ ၁၃၄ ဘီလီယံကို ထရမ့်အစိုးရက ပြန်အမ်းရန် ဒီမိုကရက်များ ဥပဒေကြမ်းတင်သွင်း

အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် Chuck Schumer နှင့် ထိပ်တန်းဒီမိုကရက် အမတ်များသည် တရားရုံးချုပ်က တရားမဝင်ဟု ပယ်ချထားသည့် သွင်းကုန်ခွန်များမှ ကောက်ခံရရှိထားသော ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁၃၄ ဘီလီယံကို ထရမ့်အစိုးရက အပြည့်အဝ ပြန်လည်ပေးအပ်ရန်လိုအပ်သည့် ဥပဒေကြမ်းတစ်ခုကို တနင်္လာနေ့ (ဖေဖော်ဝါရီ ၂၃) တွင် တင်သွင်းခဲ့ကြသည်။ အဆိုပါလုပ်ရပ်သည် ရွေးကောက်ပွဲကျင်းပမည့်နှစ်တွင် ရစ်ပတ်ဘလီကန်ပါတီ (GOP) နှင့် ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်လာစေရန် ဖန်တီးလိုက်ခြင်းလည်း ဖြစ်သည်။

အဓိကကော်မတီများမှ ထိပ်တန်းဒီမိုကရက်အမတ်များ ရေးဆွဲထားသည့် အဆိုပါဥပဒေကြမ်းသည် ထရမ့်၏အခွန်စည်းကြပ်မှုများကို လိုက်နာခဲ့ရသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် သွင်းကုန်လုပ်ငန်းရှင်များအား ငွေများပြန်လည်ပေးချေရန် တောင်းဆိုထားသည်။

ရစ်ပတ်ဘလီကန်တို့၏ ထောက်ခံမှုမပါဘဲ အဆိုပါဥပဒေကြမ်းသည် လွှတ်တော်တွင် အတည်ပြုနိုင်ခြေ နည်းပါးသော်လည်း ၎င်းသည် လူနေမှုစရိတ်ကြီးမြင့်မှုအပေါ် အာရုံစိုက်နေကြသည့် ကြားဖြတ် ရွေးကောက်ပွဲကာလတွင် ဒီမိုကရက်များအတွက် မဲဆွယ်စည်းရုံးရာ၌ အသာစီး ရစေမည့်အချက်တစ်ခု ဖြစ်လာမည်ဖြစ်သည်။

အောက်လွှတ်တော်ဥက္ကဋ္ဌ Mike Johnson ကမူ အစိုးရအနေဖြင့် သွင်းကုန် ခွန်ငွေများကို ပြန်အမ်းရန်မလိုအပ်ကြောင်းနှင့် လွှတ်တော်အနေဖြင့် လည်း အဆိုပါကိစ္စတွင် ပါဝင်ဆောင်ရွက်ရန် မလိုဟု ယုံကြည်ကြောင်း တနင်္လာနေ့ (ဖေဖော်ဝါရီ ၂၃) တွင် CNN သို့ ပြောကြားခဲ့သည်။ "ယင်းက ယခုအချိန်မှာ အောက်လွှတ်တော်နှင့် တကယ်တမ်း ပတ်သက် ဆက်နွှယ်နေသည့် ကိစ္စရပ်တစ်ခု မဟုတ်ပါ" ဟု ၎င်းက ဆိုသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး -၂