အမေရိကန် တရားရုံးချုပ်၏ ဆုံးဖြတ်ချက်သစ်ကြားမှ ဗြိတိန်-အမေရိကန် ကုန်သွယ်ရေးသဘောတူညီချက်များ ဆက်လက်တည်မြဲရန် ဗြိတိန် မျှော်လင့်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ သွင်းကုန်ခွန်ကောက်ခံမှု အများစုကို အမေရိကန်တရားရုံးချုပ်က ပယ်ဖျက်လိုက်ခြင်းကြောင့် နှစ်နိုင်ငံကြား ကုန်သွယ်ရေးအခြေအနေများ မရေမရာဖြစ်လာသော်လည်း လွန်ခဲ့သည့် နှစ်က ချုပ်ဆိုခဲ့သော ကုန်သွယ်ရေးသဘောတူညီချက်၏ အဓိက အစိတ်အပိုင်းများကို ဆက်လက်ထိန်းသိမ်းထားနိုင်မည်ဟု ဗြိတိန်အစိုးရက ယုံကြည် နေသည်။
ဗြိတိန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်အရ ယခု တရားရုံးချုပ်၏ ဆုံးဖြတ်ချက်သည် ကဏ္ဍအလိုက် သတ်မှတ်ထားသော အခွန် နှုန်းထားများအပါအဝင် ကုန်သွယ်မှု အများစုအပေါ် သက်ရောက်မှု ရှိလိမ့်မည်မဟုတ်ကြောင်းနှင့် အမေရိကန်ဘက်ကလည်း လက်ရှိ သဘောတူညီချက်များမှာ အတည်ဖြစ်နေဆဲဖြစ်ကြောင်း အတည်ပြုထားသည် ဟု သိရှိရသည်။
သို့သော်လည်း အမေရိကန်သမ္မတက ကုန်သွယ်ဖက်နိုင်ငံအားလုံးအပေါ် အခြေခံသွင်းကုန်ခွန် ၁၅ ရာခိုင်နှုန်း (15% Baseline Tariff) အသစ် သတ်မှတ်မည်ဟု မကြာသေးမီက ကြေညာခဲ့ခြင်းကြောင့် ဗြိတိန်အစိုးရအတွင်း စိုးရိမ်ပူပန်မှုများလည်း ရှိနေသည်။ အထူးသဖြင့် လွန်ခဲ့သည့် မေလက သဘောတူညီချက်အရ ဗြိတိန်ထုတ် မော်တော်ကားများ၊ လေယာဉ်အစိတ်အပိုင်းများနှင့် စိုက်ပျိုးရေးထွက်ကုန်များအတွက် ရရှိထားသည့် အထူးအခွန်သက်သာခွင့်များမှာ မည်သို့ဖြစ်လာမည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။ ထို့အပြင် ယခင်က ပယ်ဖျက်ရန်စီစဉ်ခဲ့သော်လည်း လက်ရှိတွင်ရပ်ဆိုင်းထားရသည့် ဗြိတိန်သံမဏိအခွန်ကိစ္စမှာလည်း ထည့်သွင်း စဉ်းစားရမည့် အချက်တစ်ခု ဖြစ်လာသည်။
လက်ရှိတွင် ဗြိတိန်အစိုးရသည် ဝါရှင်တန်အုပ်ချုပ်ရေးအဖွဲ့နှင့် အဆင့်တိုင်း တွင် ဆက်လက်ညှိနှိုင်းမှုများ ပြုလုပ်နေပြီး ဗြိတိန်စီးပွားရေး လုပ်ငန်း များအတွက် အကောင်းဆုံးရလဒ်ရရှိရန် ကြိုးပမ်းလျက်ရှိသည်။ နှစ်ဖက်စလုံးမှ အခြေအနေများကို ပိုမိုတင်းမာစေမည့် "ကုန်သွယ်ရေးစစ်ပွဲ" (Trade War) ဖြစ်ပွားခြင်းကို လုပ်ငန်းရှင်များက မလိုလားသောကြောင့် ဗြိတိန်အနေဖြင့် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများမှတစ်ဆင့် မိမိတို့၏ ကုန်သွယ်ရေးဆိုင်ရာအားသာချက်များကို ဆက်လက်ထိန်းသိမ်းသွားရန် အာရုံစိုက်ဆောင်ရွက်နေကြောင်း သိရှိရသည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး -၂
