ရုရှားရေနံတင်သွင်းမှုကို အိန္ဒိယလျှော့ချသော်လည်း အမေရိကန်နှင့် ကုန်သွယ်ရေးသဘောတူညီချက်အပေါ် မရေရာမှုများရှိနေ
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အိန္ဒိယနိုင်ငံ၏ ရုရှားနိုင်ငံမှ ရေနံတင်သွင်းမှုသည် ၃၈ လတာအတွင်း အနိမ့်ဆုံးအဆင့် (အမေရိကန် ဒေါ်လာ ၂.၇ ဘီလီယံ) သို့ သိသိသာသာကျဆင်းသွားကြောင်း အိန္ဒိယ သတင်းဌာနများက ဖော်ပြခဲ့ကြသည်။ ယခင်လက အိန္ဒိယ၏ စုစုပေါင်းရေနံတင်သွင်းမှုတွင် ရုရှားရေနံသည် ၃၄% အထိ ရှိခဲ့သော်လည်း ယခု အခါ ၂၅% အောက်သို့ လျော့ကျသွားခြင်းဖြစ်သည်။
အဆိုပါအခြေအနေသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိန္ဒိယ သည် ရုရှားရေနံဝယ်ယူမှုကို ရပ်ဆိုင်းရန် သဘောတူညီခဲ့သည်ဟု ကြေညာခဲ့သည့် ကုန်သွယ်ရေးသဘောတူညီချက်နှင့် တိုက်ဆိုင်နေသော်လည်း အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီကမူ ထိုသဘောတူညီချက်နှင့် ရုရှားရေနံကိစ္စကို တိုက်ရိုက်ဆက်စပ်ပြောဆိုရန် ရှောင်လွှဲနေဆဲဖြစ်သည်။
အိန္ဒိယသည် အမေရိကန်ထံမှ ရေနံတင်သွင်းမှုကို မြှင့်တင်လာခဲ့ရာ ဒီဇင်ဘာလအတွင်း အမေရိကန်မှ တင်သွင်းမှုမှာ ၃၁% ပိုမိုမြင့်တက်လာခဲ့သည်။ သို့သော်လည်း ရုရှားအစိုးရကမူ အိန္ဒိယဘက်မှ ရေနံဝယ်ယူမှုရပ်ဆိုင်းမည့် ဆုံးဖြတ်ချက်ကို တစ်စုံတစ်ရာ သိရှိထားခြင်းမရှိကြောင်း တုံ့ပြန်ထားသည်။ ကျွမ်းကျင်သူများ၏အဆိုအရ အိန္ဒိယ ရေနံချက်စက်ရုံများအနေဖြင့် ရုရှားနှင့်ချုပ်ဆိုထားသော လက်ရှိစာချုပ်များကို အပြီးသတ်ရန် အချိန်ကာလတစ်ခုလိုအပ်မည်ဖြစ်ပြီး နယူးဒေလီ အစိုးရကလည်း တရားဝင်ရပ်ဆိုင်းရန် အမိန့်ထုတ်ပြန်ထားခြင်း မရှိသေးပေ။
Bloomberg ၏ သုံးသပ်ချက်အရ အိန္ဒိယအနေဖြင့် ရုရှားရေနံကို လုံးဝ ရပ်တန့်ရန် ခဲယဉ်းနိုင်ကြောင်း သိရှိရသည်။ ရုရှားရေနံသည် အမေရိကန် သို့မဟုတ် ဗင်နီဇွဲလားထံမှ တင်သွင်းသည်ထက် သယ်ယူပို့ဆောင်ရေး ပိုမိုမြန်ဆန်ခြင်း၊ ဈေးနှုန်းလျှော့ပေးခြင်းနှင့် ကုန်ကျစရိတ်သက်သာခြင်း စသည့် အားသာချက်များ ရှိနေခြင်းကြောင့်ဖြစ်သည်။ ထို့အပြင် ဗင်နီဇွဲလား၏ ရေနံထုတ်လုပ်မှု အကန့်အသတ်ရှိနေခြင်းကလည်း အိန္ဒိယအတွက် ရွေးချယ်စရာ နည်းပါးစေသည်။
လက်ရှိတွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျိုင်ရှန်ကာက အမေရိကန်-အိန္ဒိယ ကုန်သွယ်ရေးသဘောတူညီချက်သည် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဝါရှင်တန်ဒီစီ၌ ပြောကြားခဲ့ရာ ရှေ့ဆက်ဖြစ်ပေါ် လာမည့် အိန္ဒိယ၏ စွမ်းအင်မူဝါဒအပြောင်းအလဲမှာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမည့် အခြေအနေတွင် ရှိနေပါသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး -၂
