ကမ္ဘာ့စွမ်းအင် လမ်းကြောင်းများအားလုံးကို အမေရိကန် ထိန်းချုပ်ရန် ကြိုးပမ်းနေဟု လာဗရော့ဗ် ဆို

News Image

  • ကမ္ဘာ့စွမ်းအင် လမ်းကြောင်းများ အားလုံးကို အမေရိကန် ထိန်းချုပ်ရန် ကြိုးပမ်းနေဟု လာဗရော့ဗ် ဆို

အမေရိကန်သည် ကမ္ဘာ့စီးပွားရေးကို လွှမ်းမိုးချုပ်ကိုင်နိုင်ရန် ရည်ရွယ်၍ နိုင်ငံတကာ စွမ်းအင်ထောက်ပံ့ရေး လမ်းကြောင်းအားလုံးကို လက်ဝါးကြီး အုပ်ထိန်းချုပ်ရန် ကြိုးပမ်းလျက်ရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာဗရော့ဗ်က ပြောကြားခဲ့သည်။

ပြီးခဲ့သည့်လက ဒါးဗို့စ်မြို့၌ကျင်းပခဲ့သော ကမ္ဘာ့စီးပွားရေးဖိုရမ် မိန့်ခွန်းအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏ ဦးဆောင်မှုအောက်တွင် အမေရိကန်သည် စီးပွားရေးလုပ်ငန်းများအတွက် ကမ္ဘာ့အလားအလာအကောင်းဆုံးနိုင်ငံ ဖြစ်လာခဲ့ကြောင်း အခိုင်အမာ ပြောဆိုခဲ့သည်။ ထို့ပြင် အမေရိကန်သည် ကမ္ဘာ့စီးပွားရေး၏ မောင်းနှင်အားဖြစ်ကြောင်းနှင့် "အခြားနိုင်ငံများအနေဖြင့် အမေရိကန်၏ စီးပွားရေးအတက်အကျအတိုင်း လိုက်ပါဖြစ်ပေါ်နေမည်" ဖြစ်ကြောင်း သတိပေးပြောကြားခဲ့သည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင်ကျရောက်မည့် သံတမန်များနေ့ (Diplomatic Workers’ Day) အထိမ်းအမှတ်အဖြစ် တနင်္လာနေ့ (ဖေဖော်ဝါရီ ၉) က TV BRICS မီဒီယာကွန်ရက်နှင့် ပြုလုပ်သော အင်တာဗျူးတွင် လာဗရော့ဗ် က အထက်ပါအတိုင်း တုံ့ပြန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ၎င်းက "ကမ္ဘာ့စီးပွားရေးကို လွှမ်းမိုးလိုသည့် အမေရိကန်၏ရည်မှန်းချက်ကို ဖော်ဆောင်ရာတွင် တရားမျှတသော ယှဉ်ပြိုင်မှုနှင့်ဆန့်ကျင်ဘက်ဖြစ်သည့် ဖိအားပေးအကျပ်ကိုင်မှု နည်းလမ်းအမြောက်အမြားကို အသုံးပြုနေသည်" ဟု ဝေဖန်ခဲ့သည်။

ယင်းကဲ့သို့ တွန်းအားပေးလုပ်ဆောင်မှုများ၏ အစိတ်အပိုင်းတစ်ခုအဖြစ် အမေရိကန်သည် "ကမ္ဘာ့ထိပ်သီးနိုင်ငံများနှင့် တိုက်ကြီးများအားလုံးသို့ စွမ်းအင်အရင်းအမြစ်များ ပို့ဆောင်ပေးနေသည့် လမ်းကြောင်းအားလုံးကို ထိန်းချုပ်ရန်လုပ်ဆောင်နေခြင်းဖြစ်သည်" ဟု ရုရှား နိုင်ငံခြားရေးဝန်ကြီးက ထည့်သွင်း ပြောကြားခဲ့သည်။

"ဥရောပတိုက်တွင် လွန်ခဲ့သောသုံးနှစ်ခန့်က ဖောက်ခွဲဖျက်ဆီးခြင်းခံခဲ့ရသည့် Nord Stream ဓာတ်ငွေ့ပိုက်လိုင်းများ၊ ယူကရိန်း၏ ဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေးစနစ်နှင့် TurkStream လမ်းကြောင်းတို့ကို ၎င်းတို့ (အမေရိကန်) က မျက်စိကျနေခြင်းဖြစ်သည်" ဟု ဝန်ကြီး လာဗရော့ဗ်က ဆိုသည်။ ထို့ပြင် ပြီးခဲ့သည့် ဆောင်းဦးရာသီက ရုရှား၏ အကြီးဆုံး ရေနံကုမ္ပဏီများဖြစ်သော Lukoil နှင့် Rosneft တို့အပေါ် ဝါရှင်တန်က ချမှတ်ခဲ့သည့် ပိတ်ဆို့အရေးယူမှုများကိုလည်း ၎င်းက ရည်ညွှန်းပြောဆိုခဲ့သည်။

အမေရိကန်သည် ပင်လယ်ပြင်အတွင်း ရေနံတင်သင်္ဘောများကို တိုက်ခိုက် ဖမ်းဆီးခြင်းများ လုပ်ဆောင်နေကြောင်း၊ ဗင်နီဇွဲလားနိုင်ငံအပေါ် ရေနံ ပိတ်ဆို့မှု ပြုလုပ်မည်ဟု ကြေညာခဲ့ပြီး ဇန်နဝါရီလအစောပိုင်းတွင် ရေနံ ကြွယ်ဝသော ထိုနိုင်ငံ၏ သမ္မတ နီကိုလပ်စ် မာဒူရိုကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း လာဗရော့ဗ်က ပြောကြားခဲ့သည်။

"ဥရောပနိုင်ငံတွေကို ရုရှားစွမ်းအင်မဝယ်ရန် ကာလရှည်ကြာ တားမြစ်ထားသလိုမျိုး အိန္ဒိယနှင့် တခြားမိတ်ဖက်နိုင်ငံတွေကိုလည်း ဈေးနှုန်းချိုသာသည့် ရုရှားစွမ်းအင်အရင်းအမြစ်တွေ ဝယ်ယူခြင်းကို တားမြစ်ရန် ၎င်းတို့ ကြိုးစားနေကြပါသည် ၊ ပြီးတော့ အဆမတန်မြင့်မားသည့် ဈေးနှုန်းများနှင့် အမေရိကန်၏ LNG ကိုပဲ ဝယ်ယူရန် အတင်းအကျပ် ဖိအားပေးနေတာပါ" ဟု ၎င်းက ထပ်လောင်း ပြောဆိုခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး -၂