ငရုတ်ကောင်းမြို့၌ ယခုဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံစုံ ဧက ၃၈၀၀ ကျော် စိုက်ပျိုးပြီးစီး
ငရုတ်ကောင်း ဖေဖော်ဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ငရုတ် ကောင်းမြို့၌ ယခုဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံစုံဧက ၃၈၀၀ ကျော် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ငရုတ်ကောင်းမြို့၌ ယခုဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံစုံ ၃၈၆၁ ဧကကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလပထမပတ်က စတင်စိုက်ပျိုးခဲ့ရာ လက်ရှိတွင် ရာနှုန်းပြည့်စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါ ဆီထွက်သီးနှံ ၃၈၆၁ ဧကတွင် မြေပဲ ၃၆၄၈ ဧက၊ နှမ်း ၁၁၉ ဧက ၊ နေကြာ ၉၄ ဧကပါဝင်ကြောင်း သိရသည်။
''ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ဆီထွက်သီးနှံစုံ ၃၈၆၁ ဧကအထိလျာထား စိုက်ပျိုးခဲ့ပါတယ်။ လက်ရှိမှာ ဆီထွက်သီးနှံတွေ လျာထားချက်အတိုင်း ရာနှုန်းပြည့်စိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။ ဆောင်း သီးနှံတွေ လျာထားချက်အတိုင်းပြည့်မီဖို့ စိုက်ပျိုးရေး ဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနနဲ့ ဒေသခံ တောင်သူတွေ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ သန့် ရှင်းလတ်ဆတ်တဲ့စားသုံးဆီတွေကို စားသုံးနိုင်စေဖို့ နဲ့ ဒေသတွင်း စားသုံးဆီပိုလျှံတဲ့အခါ စားသုံးဆီ လိုအပ်ချက်ကိုဖြည့်ဆည်းဖို့ ဆီထွက်သီးနှံတွေကို စီမံချက်ချမှတ်စိုက်ပျိုးတာဖြစ်ပါတယ် ''ဟု ငပုတော မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဆန်းဝင်း ကပြောသည်။
ငရုတ်ကောင်းမြို့၌ ယခုဆောင်းသီးနှံ စိုက်ပျိုး ရာသီတွင် ဆီထွက်သီးနှံမြေပဲစိုက်ပျိုးနိုင်ရန် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြေဆီလွှာပြုပြင်ရေးနည်း စနစ်များ၊ မြေပဲမျိုးစေ့ရွေးချယ်မှု မှန်ကန်စေရေး၊ စိုက်နည်းစနစ် မှန်ကန်စေရေး၊ ပိုးသတ်ဆေးနှင့် အာဟာရဓာတ်ရရှိစေရန် ဆေးသုံးစွဲမှုနည်းစနစ်များ မှန်ကန်စေရေး၊ အပင်အားဆေးနှင့် ပိုးမွှားအန္တရာယ် ကင်းရှင်းစေရေး စသည့်လုပ်ငန်းများကို စိုက်ပျိုးသည့် တောင်သူများအား ကြိုတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
MWD
