ထရမ့်၏ သွင်းကုန်ခွန်မူဝါဒများနှင့်ပတ်သက်၍ အပြည့်အဝ ရှင်းလင်းပေးရန် EU တောင်းဆို

News Image

  • ထရမ့်၏ သွင်းကုန်ခွန်မူဝါဒများနှင့်ပတ်သက်၍ အပြည့်အဝ ရှင်းလင်းပေးရန် EU တောင်းဆို

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့် ယခင်က ချမှတ် ခဲ့သော အခွန်စည်းကြပ်မှု အများစုကို ပယ်ဖျက်လိုက်ပြီးနောက် EU ၏ ထိပ်တန်း အမှုဆောင်အဖွဲ့က အမေရိကန်သမ္မတအနေဖြင့် ဥရောပသမဂ္ဂ၏ကုန်စည်များအပေါ် သွင်းကုန်ခွန်အသစ်များ ထပ်မံမချမှတ်ရန်နှင့် ၎င်း၏ ရပ်တည်ချက်ကို ရှင်းလင်းစွာ ပြောကြားရန် တိုက်တွန်းလိုက်သည်။

ပြီးခဲ့သည့် သောကြာနေ့ (ဖေဖော်ဝါရီ ၂၀) က တရားရုံးချုပ်သည် ၁၉၇၇ ခုနှစ် နိုင်ငံတကာ အရေးပေါ် စီးပွားရေးလုပ်ပိုင်ခွင့် အက်ဥပဒေ (IEEPA) အရ သွင်းကုန်ခွန်များချမှတ်ရန် ထရမ့်တွင် လုပ်ပိုင်ခွင့်မရှိကြောင်း ဆုံးဖြတ်ခဲ့သည်။ ထရမ့်ကမူ အခြားဥပဒေတစ်ခုကိုအသုံးပြု၍ ကမ္ဘာတစ်ဝန်းရှိ ကုန်စည်များအပေါ် သွင်းကုန်ခွန် ၁၀ ရာခိုင်နှုန်း သတ်မှတ်သည့် အမိန့်ကို လက်မှတ်ရေးထိုးတုံ့ပြန်ခဲ့ပြီး နောက်ပိုင်းတွင် ၎င်းကို ၁၅ ရာခိုင်နှုန်း အထိ တိုးမြှင့်မည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် ၎င်းအား ဆန့်ကျင်ဘက် အမိန့်ချမှတ်ခဲ့သည့် တရားသူကြီးများကိုလည်း ‘နိုင်ငံအတွက် အရှက်ရစရာ’ ဟု ရှုတ်ချခဲ့သည်။

ဥရောပကော်မရှင်က တနင်္ဂနွေနေ့ (ဖေဖော်ဝါရီ ၂၂) တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ထရမ့်၏ ရည်ရွယ်ချက်များကို ‘အပြည့်အဝ ရှင်းလင်း ပြတ်သားစွာ’ သိရှိလိုကြောင်း တောင်းဆိုခဲ့ပြီး လက်ရှိအခြေအနေမှာ ၂၀၂၅ ခုနှစ် ဩဂုတ်လက EU-US ပူးတွဲကြေညာချက်တွင် မျှော်မှန်းထားသည့် တရားမျှတ၍ မျှတမှုရှိပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် ကုန်သွယ်ရေးကတိကဝတ်နှင့် ကိုက်ညီမှုမရှိကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

“ကော်မရှင်အနေဖြင့် ဥရောပသမဂ္ဂ၏ အကျိုးစီးပွားများကို အပြည့်အဝ ကာကွယ်ရန် အမြဲတစေ ဆောင်ရွက်သွားမည်ဖြစ်သည်။ EU ကုမ္ပဏီများနှင့် ပို့ကုန်တင်ပို့သူများသည် တရားမျှတသော ဆက်ဆံမှု၊ ကြိုတင်ခန့်မှန်းနိုင်မှုနှင့် ဥပဒေကြောင်းအရ သေချာရေရာမှုတို့ကို ရရှိရမည်ဖြစ်သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဥရောပသမဂ္ဂက ၎င်းတို့၏ ကုန်စည်များအပေါ် သွင်းကုန်ခွန် တိုးမြှင့်ခြင်း မှာ “ယခင်က သဘောတူညီထားသည့် ရှင်းလင်းပြီး အလုံးစုံပါဝင်သော အမြင့်ဆုံးအခွန်နှုန်းထား (Ceiling)” ထက် မကျော်လွန်သင့်ကြောင်းအခိုင်အမာ ပြောကြားခဲ့သည်။ “သွင်းကုန်ခွန်ဆိုသည်မှာ အခွန်များဖြစ်ပြီး မကြာသေးမီက လေ့လာမှုများက အတည်ပြုထားသည့်အတိုင်း စားသုံးသူများနှင့် စီးပွားရေးလုပ်ငန်းများ နှစ်ခုစလုံးအတွက် ကုန်ကျစရိတ်များကို မြင့်တက်စေသည်” ဟု ကော်မရှင်က ဆိုသည်။

ထရမ့်သည် ကျန်ရှိသော ကမ္ဘာ့နိုင်ငံများက အမေရိကန်ကို ‘ခေါင်းပုံဖြတ်နေကြသည်’ ဟု ကာလရှည်ကြာ စွပ်စွဲခဲ့ပြီး၊ ပြည်တွင်းထုတ်လုပ်သူများကို ကာကွယ်ရန်နှင့် ၎င်းက ‘မတရားသော ကုန်သွယ်မှု အလေ့အထများ’ ဟု ဖော်ပြသည့် အခြေအနေများကိုတိုက်ဖျက်ရန် အလုံးစုံသော သွင်းကုန် ခွန်များ လိုအပ်သည်ဟု ဆိုခဲ့သည်။ ထို့ပြင် ၎င်းသည် ကုန်သွယ်ရေးကို နိုင်ငံရေးအရ ဖိအားပေးသည့် ကိရိယာတစ်ခုအဖြစ်လည်း အသုံးပြုခဲ့ပြီး ဒိန်းမတ်နိုင်ငံထံမှ ဂရင်းလန်းကျွန်းကို သိမ်းပိုက်မည့် ၎င်း၏အစီအစဉ်ကို ဆန့်ကျင်သော ဥရောပနိုင်ငံများအပေါ် အပိုဆောင်း သွင်းကုန်ခွန်များ ချမှတ်မည်ဟုလည်း ကြုံးဝါးခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂