အမေရိကန်၏ တစ်ဖက်သတ်အခွန်စည်းကြပ်မှုများကို ပယ်ဖျက်ပေးရန် တရုတ်တိုက်တွန်း

News Image

  • အမေရိကန်၏ တစ်ဖက်သတ်အခွန်စည်းကြပ်မှုများကို ပယ်ဖျက်ပေးရန် တရုတ်တိုက်တွန်း

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပြဋ္ဌာန်းခဲ့သည့် အခွန်စည်းကြပ်မှု အများစုကို ပယ်ဖျက်စေမည့် အမေရိကန်တရားရုံးချုပ်၏ ဆုံးဖြတ်ချက်ထွက်ပေါ်လာပြီးနောက် ၎င်းတစ်ဖက်သတ် အခွန်စည်းကြပ်မှုများကို ပြန်လည်ရုပ်သိမ်းပေးရန် တရုတ်နိုင်ငံက အမေရိကန်ကို တိုက်တွန်း လိုက်သည်။

သမ္မတထရမ့်သည် ပြီးခဲ့သည့်နှစ်အစောပိုင်းတွင် ကုန်သွယ်ဖက် နိုင်ငံအများစု ကို မမျှတသော ကုန်သွယ်မှုလုပ်ရပ်များ လုပ်ဆောင်သည်ဟုစွပ်စွဲကာ အခွန်များ တိုးမြှင့်စည်းကြပ်ခဲ့သည်။ နိုင်ငံအများစုမှာ ယေဘုယျအားဖြင့် ၁၀ ရာခိုင်နှုန်း အခြေခံအခွန်နှုန်းထားနှင့် ရင်ဆိုင်ခဲ့ရပြီး ကုန်သွယ်မှု လိုငွေ အလွန်အမင်းပြနေသောနိုင်ငံများမှာမူ ထပ်ဆောင်းအခွန်များကိုပါ ခံခဲ့ရသည်။ သို့သော်လည်း ပြီးခဲ့သည့်သီတင်းပတ်ကုန်ပိုင်းတွင် အမေရိကန် တရားရုံးချုပ်က ၁၉၇၇ ခုနှစ် နိုင်ငံတကာ အရေးပေါ်စီးပွားရေး အာဏာကျင့်သုံးမှုအက်ဥပဒေ (IEEPA) အရ သမ္မတထရမ့်တွင် ထိုသို့ အခွန် စည်းကြပ်ပိုင်ခွင့် အာဏာမရှိကြောင်းဆုံးဖြတ်ခဲ့သဖြင့် အခွန်စည်းကြပ်မှု အစီအစဉ်အများစုမှာ အလိုအလျောက် ပျက်ပြယ်သွားခဲ့ပြီဖြစ်သည်။

တနင်္လာနေ့ (ဖေဖော်ဝါရီ ၂၃) တွင် တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုထုတ်ပြန်ခဲ့ပြီး၊ အဆိုပါ အခွန်များသည် ယခုအခါ အမေရိကန်၏ ပြည်တွင်းဥပဒေကိုပင် ချိုးဖောက်နေပြီဖြစ်သောကြောင့် ယင်းတို့ကိုရုပ်သိမ်းပေးရန် ဝါရှင်တန် ကို တိုက်တွန်းခဲ့သည်။ “တရုတ်နိုင်ငံအနေဖြင့် ပုံစံမျိုးစုံနှင့် လုပ်ဆောင်သည့် တစ်ဖက်သတ် အခွန်တိုးမြှင့်မှုတွေကို အစဉ်တစိုက် ဆန့်ကျင်ခဲ့သလို၊ ကုန်သွယ်ရေးစစ်ပွဲမှာ မည်သူမျှ အနိုင်မရပါ ဆိုသည်ကိုလည်း အဖန်ဖန် အထပ်ထပ် အလေးပေးပြောကြားခဲ့ပြီး ဖြစ်ပါသည်” ဟု ဝန်ကြီးဌာနက ဆိုသည်။ “အမေရိကန်၏ တစ်ဖက်သတ် အစီအမံများသည် နိုင်ငံတကာ ကုန်သွယ်ရေး စည်းမျဉ်းတွေရော၊ အမေရိကန် ပြည်တွင်းဥပဒေကိုပါ ချိုးဖောက်နေပါသည် ၊ ထို့ကြောင့် အမေရိကန်အနေဖြင့် အဆိုပါ တစ်ဖက်သတ် အခွန်စည်းကြပ်မှုတွေကို ပယ်ဖျက်ပေးရန် တရုတ်က တိုက်တွန်း ပါသည်” ဟုလည်း ဆက်လက်ဖော်ပြထားသည်။

အမေရိကန်-တရုတ် ဆက်ဆံရေးသည် အထူးသဖြင့် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ကိစ္စရပ်များကြောင့် နှစ်ရှည်လများ တင်းမာ ခဲ့သော်လည်း၊ ပြီးခဲ့သည့်နှစ်က ထရမ့်၏ အခွန်တိုးမြှင့်မှုများကြောင့် အပြည့်အဝ ကုန်သွယ်ရေးစစ်ပွဲကြီး ဖြစ်ပွားခဲ့သည်။ တစ်ချိန်က တရုတ် ကုန်စည်များအပေါ် အမေရိကန်၏အခွန်စည်းကြပ်မှုမှာ ၁၄၅ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး၊ အမေရိကန်ကုန်စည်များအပေါ် တရုတ်၏ အခွန်စည်းကြပ်မှုမှာလည်း ၁၂၅ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။ နိုဝင်ဘာလတွင်မူ နှစ်ဖက်စလုံး က အချို့သောကဏ္ဍများတွင် အခွန်နှုန်းထားများကို ၁၀ ရာခိုင်နှုန်း ဝန်းကျင် အထိလျှော့ချခဲ့ပြီး အပြန်အလှန် အခွန်တိုးမြှင့်နေမှုကို တစ်နှစ်တာ ရပ်နားထားရန် သဘောတူညီခဲ့ကြသည်။

မတ်လနှောင်းပိုင်းတွင် ပြုလုပ်မည့် ထရမ့်၏ ပေကျင်းနိုင်ငံတော်အဆင့် ခရီးစဉ်အတွင်း ဘက်စုံကုန်သွယ်ရေး သဘောတူညီချက်တစ်ခုကို ဆွေးနွေး လိမ့်မည်ဟု ယူဆရသည်။ အချို့သော လေ့လာဆန်းစစ်သူများကမူ တရားရုံးချုပ်၏ဆုံးဖြတ်ချက်သည် ထရမ့်အစိုးရ၏ တစ်ဖက်သတ် အခွန် စည်းကြပ်ပိုင်ခွင့်ကို ကန့်သတ်လိုက်သောကြောင့် တရုတ်နိုင်ငံအတွက် ကုန်သွယ်ရေးဆွေးနွေးမှုတွင် အသာစီးရစေလိမ့်မည်ဟု ဆိုကြသည်။

ထရမ့်သည် တရားရုံး၏ဆုံးဖြတ်ချက်အပေါ် အလွန်အမင်း ဒေါသထွက်ခဲ့ပြီး အခြားဥပဒေတစ်ခုအောက်တွင် ကမ္ဘာလုံးဆိုင်ရာ ယာယီအခွန် ၁၅ ရာခိုင်နှုန်း စည်းကြပ်သည့် အမိန့်တစ်ခုကို လက်မှတ်ရေးထိုးခဲ့သည်။ ကုန်သွယ်ရေးကိုယ်စားလှယ် Jamieson Greer ၏ အဆိုအရ အစိုးရ သည် အဓိကကုန်သွယ်ဖက်နိုင်ငံများ၏ "မမျှတသော ကုန်သွယ်မှုလုပ်ရပ် များ" ကို စုံစမ်းစစ်ဆေးခြင်းအပါအဝင် အမြဲတမ်းအခွန်များ ပြန်လည် စည်းကြပ်နိုင်ရန် အခြားဥပဒေကြောင်းအရ အစီအမံများကို ပြင်ဆင်နေသည်ဟု သိရှိရသည်။ ဗြိတိန်၊ တောင်ကိုရီးယားနှင့် ဥရောပသမဂ္ဂ (EU) အပါအဝင် အခွန်စည်းကြပ်မှု ဖိအားအောက်တွင် သဘော တူညီချက် ရယူထားခဲ့သော နိုင်ငံများအနေဖြင့် တရားရုံးချုပ်၏ဆုံးဖြတ်ချက် ထွက်ပေါ် လာသော်လည်း ၎င်းတို့၏ကတိကဝတ်များကို ဆက်လက်လိုက်နာရန် အမေရိကန်က မျှော်လင့်ကြောင်း Greer က နောက်ပိုင်းတွင် ပြောကြား ခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး -၂