အာဖဂန်နစ္စတန်-ပါကစ္စတန် နယ်စပ်တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ကျဆုံးမှု များပြား

News Image

  • အာဖဂန်နစ္စတန်-ပါကစ္စတန် နယ်စပ်တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ကျဆုံးမှု များပြား

အာဖဂန်နစ္စတန်-ပါကစ္စတန်နယ်စပ်တွင် မကြာသေးမီက ဖြစ်ပွားခဲ့သော ပြင်းထန်သည့် တိုက်ပွဲအတွင်း နှစ်ဖက်စလုံးမှစစ်သည်များ ဒါဇင်ချီ ကျဆုံးသည်ဟု ဖော်ပြခဲ့ကြသည်။ တာလီဘန်အစိုးရ၏ ပြောရေးဆိုခွင့် ရှိသူ Zabihullah Mujahid က ယနေ့ (အောက်တိုဘာ ၁၂) ပြောကြား ရာတွင် ၎င်းတို့၏တပ်ဖွဲ့များသည် အောက်တိုဘာ ၁၁ ရက် ညပိုင်းက "လွန်ခဲ့သော နှစ်ရက်က ပါကစ္စတန်တပ်မတော်၏ မြို့တော်ကဘူးလ်ကို လေကြောင်းမှ တိုက်ခိုက်မှုအား တုံ့ပြန်သည့်အနေဖြင့်" နှစ်နိုင်ငံကြား နယ်စပ်တစ်လျှောက်ရှိ ပါကစ္စတန် စစ်စခန်းတစ်ခုကို တိုက်ခိုက် ခဲ့ကြောင်း ဖော်ပြခဲ့သည်။

Mujahid ၏ ပြောကြားချက်အရ ယင်းတိုက်ပွဲတွင် ပါကစ္စတန်စစ်သား ၅၈ ဦး နှင့် တာလီဘန် ၉ ဦး ကျဆုံးခဲ့ပြီး ပါကစ္စတန်စစ်သား ၃၀ ခန့် လည်း ဒဏ်ရာရရှိခဲ့သည်။ "ဆော်ဒီအာရေဗျနှင့် ကာတာနိုင်ငံတို့၏ ကြားဝင်ညှိနှိုင်းမှုကြောင့် ညသန်းခေါင်ယံတွင် မိမိတို့၏တုံ့ပြန်မှုကို ရပ်ဆိုင်း ခဲ့သည်" ဟု တာလီဘန်အရာရှိက ဆိုကာ အောက်တိုဘာ ၁၂ နံနက် အစောပိုင်းတွင် ပါကစ္စတန်တပ်မတော်က အာဖဂန်တပ်ဖွဲ့များကို ဆက်လက်တိုက်ခိုက်နေသည်ဟု စွပ်စွဲခဲ့သည်။

တစ်ချိန်တည်းမှာပင် ပါကစ္စတန်စစ်တပ်က ယင်းတိုက်ပွဲအတွင်း ပါကစ္စတန် စစ်သား ၂၃ ဦးနှင့် အာဖဂန်ဘက်ခြမ်းရှိ တာလီဘန်နှင့် မဟာမိတ် အဖွဲ့ များမှ အဖွဲ့ဝင် ၂၀၀ ကျော် ကျဆုံးခဲ့သည်ဟု ဆိုသည်။ "တိကျသော ပစ်ခတ်မှုများနှင့် မြေပြင်တိုက်စစ်ဆင်မှုများသည် တာလီဘန်စခန်းများ၊ ကင်းစခန်းများနှင့် အကြမ်းဖက်လေ့ကျင့်ရေးစခန်းများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်" ဟု ပါကစ္စတန်စစ်တပ်က ထုတ်ပြန်ချက် တစ်စောင် တွင် ဖော်ပြခဲ့သည်။

အောက်တိုဘာ ၉ ရက်က ကဘူးလ်မြို့တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှု များနှင့်ပတ်သက်၍ အာဖဂန်စစ်တပ်အဖွဲ့အစည်းတစ်ခုက "လေကြောင်း တိုက်ခိုက်မှုများ" ဖြစ်သည်ဟု ဖော်ပြခဲ့သော်လည်း Mujahid က ယင်းတို့ အား "လေကြောင်းနယ်နိမိတ် ချိုးဖောက်မှုများ" ဟူ၍သာ ရည်ညွှန်း ပြောဆိုကာ ဒေသခံအာဏာပိုင်များကလည်း မည်သည့် ပျက်စီးဆုံးရှုံးမှု မျှ မရှိကြောင်း ပြောကြားခဲ့သည်။

ပါကစ္စတန်ဝန်ကြီးချုပ် Shehbaz Sharif က အာဖဂန်နစ္စတန်၏ ရန်စ တိုက်ခိုက်မှုအဖြစ် ပြင်းထန်စွာ ရှုတ်ချခဲ့သည်။ "ပါကစ္စတန်သည် ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များတွင် မည်သည့်အခါမျှ သဘောထား ပျော့ပျောင်းမည် မဟုတ်ဘဲ၊ မည်သည့် စစ်ရေးစူးစမ်းလှုံ့ဆော်မှုကိုမဆို ပြင်းထန်သည့်တုံ့ပြန်မှုဖြင့် ရင်ဆိုင်မည်" ဟု Sharif က ပြောကြားရကာ တာလီဘန်အစိုးရအား အကြမ်းဖက်သမားများအား အာဖဂန်နယ်မြေကို အသုံးပြုခွင့်ပြုခဲ့သည်ဟု စွပ်စွဲခဲ့သည်။ အဓိကနယ်စပ်ဖြတ်ကျော်ရာ နေရာ များ ပိတ်ထားခြင်းခံရစဉ် ဆော်ဒီအာရေဗျ၊ အီရန်နှင့် ကာတာနိုင်ငံတို့က နှစ်ဖက်စလုံးအား ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ရန် တောင်းဆိုခဲ့ ကြသည်။

အောက်တိုဘာ ၉ ရက်က လေကြောင်းတိုက်ခိုက်မှုအတွက် ပါကစ္စတန် က တိုက်ရိုက်တာဝန်ယူခြင်း မပြုခဲ့သော်လည်း၊ နိုင်ငံအတွင်း စစ်သွေးကြွ များ၏ လှုပ်ရှားမှုများ တိုးမြင့်လာသည်နှင့်အမျှ မိမိကိုယ်ကိုကာကွယ်ခွင့် ရှိသည်ဟု အကြိမ်ကြိမ် ပြောဆိုခဲ့သည်။ ပါကစ္စတန်အစိုးရက ထိုကဲ့သို့ သော လုပ်ဆောင်ချက်များကို အာဖဂန်နစ္စတန်အတွင်းမှ စီစဉ် ဆောင်ရွက် လျက်ရှိသည်ဟု ဆိုသည်။

တာလီဘန်များ အာဖဂန်နစ္စတန်ကို ၂၀၂၁ ခုနှစ်တွင် ထိန်းချုပ်ခဲ့ချိန် မှ စ၍ နှစ်ဖက်စလုံးသည် နယ်စပ်ဒေသတွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သည်။ သို့ရာတွင် အာဖဂန်နစ္စတန် အတွင်းပိုင်းထိ လေကြောင်း ချိုးဖောက်မှုများသည် နှစ်နိုင်ငံကြားတင်းမာမှုများ သိသိသာသာ မြင့်တက် လာခြင်း၏ အခြေအနေတစ်ခု ဖြစ်သည်။

အမေရိကန်ဦးဆောင်သော တပ်ဖွဲ့များ အာဖဂန်နစ္စတန်မှ ဆုတ်ခွာပြီး တာလီဘန်များ ၂၀၂၁ ခုနှစ်တွင် အာဏာပြန်လည်ရရှိပြီးနောက်ပိုင်း ပါကစ္စတန် အနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ် တွင် စစ်သွေးကြွများ၏လှုပ်ရှားမှုများ တိုးတက်များပြားလာခဲ့သည်။ တိုက်ခိုက်မှုအများစုကို ပါကစ္စတန် တာလီဘန် (TTP) မှ ဆောင်ရွက် ခဲ့ပြီး ၎င်းတို့သည် ယခုနှစ်အတွင်း ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့များကို ဆန့်ကျင်သည့် ၎င်းတို့၏စစ်ဆင်ရေးကို အရှိန်မြှင့်တင်ခဲ့သည်။ 

TTP သည် အာဖဂန် တာလီဘန်များနှင့် သီးခြားဖြစ်သော်လည်း နီးကပ်စွာ ချိတ်ဆက်နေသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ပါကစ္စတန် က ၎င်းအဖွဲ့သည် အာဖဂန်နယ်မြေပေါ်တွင် ထိန်းချုပ် အရေးယူမှု ကင်းလွတ်စွာဖြင့် လှုပ်ရှားနေသည်ဟု ဆိုသည်။ ယခုနှစ်အတွင်း ကုလ သမဂ္ဂ အစီရင်ခံစာတစ်ခုက “TTP သည် လက်ရှိအာဏာရအစိုးရထံမှ လုပ်ငန်းပိုင်းဆိုင်ရာနှင့် ထောက်ပံ့ရေး အကူအညီများ သိသိသာသာ ရရှိ ထားသည်” ဟု ဖော်ပြခဲ့ပြီး ထိုစကားရပ်သည် တာလီဘန်အစိုးရကို ရည်ညွှန်းခဲ့သည်။

ဇန်နဝါရီလမှ စက်တင်ဘာလအလယ်အထိ လုပ်ကြံမှုများတွင် စစ်သား ၃၁၁ ဦးအပါအဝင် ရဲ ၇၃ ဦးနှင့် စုစုပေါင်း လူ ၅၀၀ ကျော် သေဆုံး ခဲ့ကြောင်း ပါကစ္စတန်စစ်တပ်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာ ၁၀ ရက်က ပြောကြားခဲ့သည်။

တာလီဘန်များအား TTP အား ထောက်ခံမှုရပ်တန့်ရန် ဖျောင်းဖျခဲ့သည့် ကြိုးပမ်းမှုများစွာ မအောင်မြင်ခဲ့ကြောင်း ပါကစ္စတန် ကာကွယ်ရေး ဝန်ကြီး Khawaja Muhammad Asif က ပြောကြားခဲ့သည်။ ဝန်ကြီးက "ပါကစ္စတန် အစိုးရနှင့် တပ်မတော်၏ သည်းခံမှုသည် ကုန်ဆုံးသွားပြီ" ဟု ဆိုခဲ့သည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂