တောင်ကိုရီးယား-ဂျပန်အကြား နယ်မြေပိုင်နက် အငြင်းပွားမှုနှင့် ပတ်သက်သော ဆာနာအဲ တာကာအိချိ၏ ပြောကြားချက်များကို တောင်ကိုရီးယား သမ္မတရုံး ချေပပြောကြား

News Image

  • တောင်ကိုရီးယား-ဂျပန်အကြား နယ်မြေပိုင်နက် အငြင်းပွားမှုနှင့် ပတ်သက်သော ဆာနာအဲ တာကာအိချိ၏ ပြောကြားချက်များကို တောင်ကိုရီးယား သမ္မတရုံး ချေပပြောကြား

တောင်ကိုရီးယား သမ္မတရုံးသည် ဒီဇင်ဘာ ၉ ရက်တွင် ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ၏ တောင်ကိုရီးယား-ဂျပန်အကြား နယ်မြေ ပိုင်နက် အငြင်းပွားမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာပြောကြားချက်များကို တုံ့ပြန်ချေပကာ “Dokdo ကျွန်း (ဂျပန်အခေါ် Takeshima ကျွန်း) က သမိုင်း၊ ပထဝီဝင်နှင့် နိုင်ငံတကာဥပဒေ အားလုံးအရ တောင်ကိုရီးယား ၏ တည်ဆဲနယ်မြေပိုင်နက်ဖြစ်သည်မှာ ရှင်းလင်းပြတ်သားပါသည်” ဟု ပြောကြားခဲ့ကြောင်း Yonhap သတင်းဌာန၏ သတင်းဖော်ပြချက်အရ သိရှိရသည်။

တောင်ကိုရီးယား သမ္မတရုံးမှ သက်ဆိုင်ရာပုဂ္ဂိုလ်တစ်ဦးက Dokdo ကျွန်း၏ ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ အငြင်းပွားဖွယ် မရှိကြောင်း၊ Dokdo ကျွန်းနှင့်ပတ်သက်၍ ဂျပန်၏ ကျိုးကြောင်းဆီလျော်မှုမရှိသော တောင်းဆိုမှုများကို တောင်ကိုရီးယားက ပြတ်ပြတ်သားသားနှင့် လေးလေးနက်နက် တုံ့ပြန်ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းမှာ လီဂျေမြောင် တောင်ကိုရီးယား သမ္မတအဖြစ် တာဝန်ယူပြီးချိန် မှစ၍ တောင်ကိုရီးယား-ဂျပန် နှစ်နိုင်ငံကြား အငြင်းပွားကိစ္စရပ်နှင့် ပတ်သက်၍ တောင်ကိုရီးယားသမ္မတရုံးမှ ပထမဆုံးအကြိမ် သဘောထား တင်းမာသောရပ်တည်ချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ဆာနာအဲတာကာအိချိက ဒီဇင်ဘာ ၉ ရက်တွင် ဂျပန်လွှတ်တော်၌ အချေအတင်ဆွေးနွေးပြောကြားရာတွင် သမိုင်းကြောင်းမှဖြစ်စေ၊ နိုင်ငံ တကာဥပဒေ ရှုထောင့်ဖြစ်စေ Takeshima ကျွန်းသည် ဂျပန်၏ တည်ဆဲ နယ်မြေပိုင်နက်ဖြစ်သည်မှာ သိသာထင်ရှားလှပြီး ဂျပန်အစိုးရအနေဖြင့် အဆိုပါ အခြေခံရပ်တည်ချက်အပေါ် အခြေခံ၍ ပြတ်ပြတ်သားသား တုံ့ပြန်ရင်ဆိုင်သွားမည်ဟု ပြောကြားခဲ့ကြောင်း သတင်းအရ သိရှိ ရသည်။

Dokdo (Takeshima) ကျွန်းသည် ကိုရီးယားကျွန်းဆွယ် အရှေ့ပိုင်း ပင်လယ်ပြင်တွင်တည်ရှိပြီး ဧရိယာမှာ ၀.၁၈ စတုရန်းကီလိုမီတာ ကျယ်ဝန်း သည်။ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ ဂျပန် စသည့် နိုင်ငံ အားလုံး က အဆိုပါကျွန်းအပေါ် အချုပ်အခြာအာဏာရှိကြောင်း ဆိုကြသည်။ လက်ရှိတွင် ထိုကျွန်းစုကို တောင်ကိုရီးယားနိုင်ငံမှ လက်တွေ့ ထိန်းချုပ် ထားသည်။ 

ကိုးကား- Xinhua

Photo: www.chosun.com