ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၌ KA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ရွေးကောက်ပွဲအား ဟန့်တားနှောင့်ယှက်ဖျက်ဆီးရန်ရည်ရွယ်၍ ခြိမ်းခြောက်စာ နှစ်စောင်အား လူမှုကွန်ရက်စာမျက်နှာ များမှတစ်ဆင့် ဖော်ပြခြိမ်းခြောက်

News Image

  • ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၌ KA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ရွေးကောက်ပွဲအား ဟန့်တားနှောင့်ယှက်ဖျက်ဆီးရန်ရည်ရွယ်၍ ခြိမ်းခြောက်စာ နှစ်စောင်အား လူမှုကွန်ရက်စာမျက်နှာ များမှတစ်ဆင့် ဖော်ပြခြိမ်းခြောက်
     နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို မလိုလားသည့် အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့အစည်းများအနေဖြင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ဟန့်တား နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်၍ စာသင်ကျောင်းများ၊ လမ်းတံတားများနှင့် မြို့၊ ရွာများအတွင်း မိုင်းထောင်ဖောက်ခွဲခြင်း၊ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ရွေးကောက်ပွဲမှ တာဝန်ရှိသူ အဖွဲ့ဝင် များအား ဖမ်းဆီးခေါ်ဆောင်ခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်းနှင့် ဆန့်ကျင်ခြိမ်းခြောက်စာများအား ချိတ်ဆွဲခြင်း၊ ပေးပို့ခြင်း၊ လူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့် ဖော်ပြခြိမ်းခြောက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ဟန့်တားနှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်၍ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်တွင် “The Karenni Information(KnIC)” Facebook လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် အကြမ်းဖက်သောင်းကျန်းသူ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၏ လက်အောက်ခံ ကရင်နီပြည်တပ်မတော်(KA)မှ ၎င်းတို့အခေါ် စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အဆင့်ရှိ အောင်မြတ် လက်မှတ်ရေးထိုးထားသည့် “အရေးကြီးကာလသတိပေးချက်”ခေါင်းစဉ်ဖြင့် စာတစ်စောင်အား လည်းကောင်း၊ “အကြမ်းဖက်သောင်းကျန်းသူ ကရင်နီပြည်တပ်မတော်(KA)မှ ၎င်းတို့အခေါ် စစ်ရေးချုပ် ဗိုလ်မှူးကြီးအဆင့်ရှိ စောအယ်မွှီး လက်မှတ်ရေးထိုးထားသည့် ကရင်နီပြည် အတွင်းရှိ ပြည်သူလူထု များအား အသိပေးပန်ကြားချက်” ခေါင်းစဉ်ဖြင့် စာတစ်စောင်အား လည်းကောင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ဟန့်တားနှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာ မှတစ်ဆင့် ဖော်ပြခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။
     ထိုသို့ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအား ဟန့်တားနှောင့်ယှက်ဖျက်ဆီးရန် လုပ်ဆောင် ခဲ့သည့် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအား အမြစ်ပြတ်ချေမှုန်းနိုင်ရေးနှင့် နယ်မြေဒေသ လုံခြုံတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်း များအား ဒေသခံပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။
MOHA