ပူတင် နေအိမ်ကို တိုက်ခိုက်မှု မိုဒီ စိတ်ပူကြောင်း ပြော
ရုရှားသမ္မတ ဗလာဒီမာပူတင်၏ နေအိမ်အား ယူကရိန်းဘက်က တိုက်ခိုက်မှု များ ပြုလုပ်သည့် သတင်းများကြောင့် စိုးရိမ်မိကြောင်း အိန္ဒိယ ဝန်ကြီးချုပ် နာရိန်ဒရာမိုဒီက ထုတ်ဖော်ပြောကြားထားပါသည်။
ရုရှားသမ္မတနေအိမ်ကို ပစ်မှတ်ထားတိုက်ခိုက်မှုကို လွန်စွာ စိုးရိမ်မိကြောင်း၊ လက်ရှိကြိုးပမ်းနေသည့် သံတမန်လမ်းကြောင်းဖြင့်သာ စစ်ရေး ပဋိပက္ခ များ အဆုံးသတ်နိုင်မည်ဖြစ်ပြီး ထိုလမ်းကြောင်း အားပျော့စေနိုင်သည့် မည်သည့်လုပ်ရပ်ကိုမဆို ရှောင်ကြဉ်ရန် တိုက်တွန်းအပ်ပါကြောင်း မိုဒီ က ၎င်း၏ X လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။
ဒီဇင်ဘာ ၂၈-၂၉ ရက် ညပိုင်းက ယူကရိန်းဘက်မှ နော့ဗ်ဂေါ်ရဒ်ဒေသရှိ သမ္မတပူတင်၏ နေအိမ်အား ဒရုန်း၉၁ စီးဖြင့် အကြမ်းဖက်တိုက်ခိုက်မှု စတင်ခဲ့ကြောင်း၊ အဆိုပါ ဒရုန်းအားလုံးအား လေကြောင်း ကာကွယ်ရေး စနစ်များက ချေမှုန်းနိုင်ခဲ့ပြီး သေဆုံးဒဏ်ရာရသူ သို့မဟုတ် ပစ်မှတ် ပျက်စီးမှုများ မရှိခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေး လက်ဗရော့ဗ် က တနင်္လာနေ့ (ဒီဇင်ဘာ ၂၈) က ပြောကြားထားပါသည်။
မာရာလာဂိုတွင် အမေရိကန်-ယူကရိန်း တွေ့ဆုံဆွေးနွေးပွဲများအပြီး မကြာမီအတွင်း ဖြစ်ပွားခဲ့သည့် ယူကရိန်း၏ တိုက်ခိုက်မှုအပေါ် ပူတင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဖုန်းဖြင့်ဆက်သွယ်ပြောဆိုစဉ် သတိပေးခဲ့ပြီး ထိုလုပ်ရပ်မျိုးမှာ အဖြေမဲ့ ဖြစ်သွားမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု ကရင်မလင် အကြံပေးအရာရှိ ယူရီ အုရှကိုဗ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားပါသည်။
ပဋိပက္ခဖြေရှင်းရေး ညှိနှိုင်းဆွေးနွေးမှုများတွင် ရုရှား၏ ရပ်တည်ချက် အား ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်းလည်း ရုရှားခေါင်းဆောင်က ထရမ့်အား ပြောကြားခဲ့ကြောင်း အုရှကိုဗ်က ထပ်လောင်း ပြောကြားထား ပါသည်။
ကိုးကား- TASS
Photo: India News Network
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃

,
,