စပိန်နိုင်ငံတွင် မြန်နှုန်းမြင့်ရထားနှစ်စင်း တိုက်မိမှုကြောင့် လူ ၄၀ နီးပါး သေဆုံး
စပိန်နိုင်ငံတောင်ပိုင်းတွင် မြန်နှုန်းမြင့်ရထားနှစ်စင်း တိုက်မိမှုကြောင့် အနည်းဆုံး လူ ၃၉ ဦး သေဆုံးပြီး ဒါဇင်နှင့်ချီကာ ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အရေးပေါ်ကယ်ဆယ်ရေးဌာန၏ အစောပိုင်းထုတ်ပြန်ချက်အရ အဆိုပါ မတော်တဆမှုတွင် အနည်းဆုံး လူ ၇၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် ၂၄ ဦးမှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေကြောင်း သိရှိရသည်။ ထို စိုးရိမ်ရသူများထဲတွင် ကလေးငယ် ၄ ဦးလည်း ပါဝင်သည်။
မီးရထားလုပ်ငန်းအော်ပရေတာ Adif ၏ ပြောကြားချက်အရ အဆိုပါ ဖြစ်စဉ်သည် တနင်္ဂနွေနေ့ (ဇန်နဝါရီ ၁၇) ဒေသစံတော်ချိန် ည ၇ နာရီ ၄၅ မိနစ်တွင် အန်ဒါလူစီယာ (Andalusia) ဒေသရှိ ကော်ဒိုဘာ (Cordoba) မြို့အနီး၊ အာဒါမုဇ် (Adamuz) မြို့နယ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
မာလာဂါ (Malaga) မှ မက်ဒရစ် (Madrid) သို့ ခရီးသည် ၃၀၀ ခန့် တင်ဆောင်လာသည့် ရထား၏ အမြီးပိုင်းမှာ လမ်းချော်သွားခဲ့ပြီးနောက် မက်ဒရစ်မှ ဝယ်လ်ဗာ (Huelva) သို့ ခရီးသည် ၂၀၀ တင်ဆောင်ကာ ဆိုက်ရောက်လာသည့် အခြားရထားတစ်စင်းကို ဝင်တိုက်မိခြင်း ဖြစ်ကြောင်း၊ထိုသို့တိုက်မိမှုကြောင့် ဒုတိယရထားပါ လမ်းချော်သွားခဲ့ရကြောင်း အော်ပရေတာက ပြောကြားခဲ့သည်။
အခင်းဖြစ်ပွားရာနေရာသို့ ကယ်ဆယ်ရေးသမားများကို စေလွှတ်ထားပြီး သန်းခေါင်ယံအချိန်တွင် တိမ်းမှောက်နေသော ရထားတွဲများအတွင်းမှ အသက်ရှင်ကျန်ရစ်သူအားလုံးကို ကယ်ထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း စပိန် သယ်ယူပို့ဆောင်ရေးဝန်ကြီး အော်စကာ ပွန်တီ (Oscar Puente) က ပြောကြားခဲ့သည်။ သို့သော်လည်း သေဆုံးသူများ၏ရုပ်အလောင်းများကို ဆက်လက်ရှာဖွေနေဆဲဖြစ်သဖြင့် သေဆုံးသူအရေအတွက် ထပ်မံတိုးလာ နိုင်ကြောင်း ၎င်းက သတိပေးပြောကြားခဲ့သည်။
မတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းရင်းကိုမူ ယခုထက်ထိ အတည် မပြုနိုင်သေးကြောင်း ဝန်ကြီး ပွန်တီက ပြောကြားခဲ့သည်။ အဆိုပါဖြစ်စဉ် သည် လွန်ခဲ့သည့် မေလကမှ ပြန်လည်ပြုပြင်ထားသော ရထားလမ်းပိုင်း ပေါ်တွင် ဖြစ်ပွားခဲ့ခြင်းကြောင့် "တကယ်ကို ထူးဆန်းသည့်" ဖြစ်ရပ် တစ်ခုဖြစ်ကြောင်း ၎င်းက ဆိုသည်။ ထို့အပြင် ပထမဆုံး လမ်းချော် ခဲ့သည့် ရထားမှာလည်း သက်တမ်း ၄ နှစ်ပင်မပြည့်သေးသည့် ရထား အသစ် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်က သေဆုံးသူများ၏ မိသားစုဝင် များနှင့် မိတ်ဆွေများထံ ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့သည်။ “ထိုညက မိမိတို့ နိုင်ငံအတွက် အလွန်တရာ ဝမ်းနည်းစရာကောင်းသည့် ညတစ်ညပါပဲ” ဟု ၎င်းက X လူမှုကွန်ရက်ပေါ်တွင် ရေးသားခဲ့သည်။
စပိန်နိုင်ငံသည် ဥရောပသမဂ္ဂတွင် တစ်နာရီလျှင် ၂၅၀ ကီလိုမီတာ (၁၅၅ မိုင်) အထက်အရှိန်ဖြင့် မောင်းနှင်နိုင်သော မီးရထားလမ်းကွန်ရက် အကြီးမား ဆုံးရှိသည့်နိုင်ငံဖြစ်ပြီး စုစုပေါင်း ရထားလမ်းအရှည် ၃,၀၀၀ ကီလိုမီတာ (၁,၉၀၀ မိုင်) ကျော် ရှိသည်။
စပိန်နိုင်ငံတွင် နောက်ဆုံးအကြိမ်အဖြစ် ရထားမတော်တဆမှု ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်မှာ ၂၀၁၃ ခုနှစ်က ဖြစ်ပြီး အနောက်မြောက်ဘက် ဆန်တီယာဂို ဒီ ကွန်ပိုစတဲလား (Santiago de Compostela) မြို့တွင် ရထားလမ်းချော်မှုကြောင့် လူပေါင်း ၈၀ ဦး သေဆုံးခဲ့ဖူးသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
