အီရန်နိုင်ငံ၏ နောက်ဆုံးသတိပေးချက်များကို တုံ့ပြန်သည့်အနေဖြင့် ထရမ့်က အီရန်အပေါ် ပြင်းထန်သော စကားလုံးများဖြင့် တိုက်ခိုက်ပြောဆို

News Image

  • အီရန်နိုင်ငံ၏ နောက်ဆုံးသတိပေးချက်များကို တုံ့ပြန်သည့်အနေဖြင့် ထရမ့်က အီရန်အပေါ် ပြင်းထန်သော စကားလုံးများဖြင့် တိုက်ခိုက်ပြောဆို

အီရန်အစိုးရ အပြောင်းအလဲလုပ်ရန် သမ္မတ ဒေါ်နယ်ထရမ့်၏ တိုက်တွန်းချက် အပြီးတွင် အီရန်ခေါင်းဆောင်ပိုင်းထံမှ တင်းမာသောပြောဆိုမှုများထွက်ပေါ်လာရာ ၎င်းကို တုံ့ပြန်သည့်အနေဖြင့် ထရမ့်က အီရန်အပေါ် သတိပေးချက်များကို ပိုမိုမြှင့်တင်လိုက်သည်။

အင်္ဂါနေ့ (ဇန်နဝါရီ ၂၀) က ထုတ်လွှင့်ခဲ့သည့် NewsNation နှင့် အင်တာဗျူး တွင် အီရန်တာဝန်ရှိသူများ၏ မကြာသေးမီကသတိပေးချက်များကိုတုံ့ပြန်ရန်မေးမြန်းရာ၌ ထရမ့်က “၎င်းတို့အနေဖြင့် ယခုလို မလုပ်သင့်ပါ ၊ တကယ်၍ တစ်ခုခုသာဖြစ်လာခဲ့လျှင် ကျွန်တော်တို့ ၎င်းတို့ကို ချေမှုန်း ပစ်မည်ဟု အကြောင်းကြားထားပြီးသားပါ ၊ တစ်နိုင်ငံလုံး ချေမှုန်းခံ ရလိမ့်မည်” ဟု ပြောကြားခဲ့သည်။

ထို့ပြင် ထရမ့်က “မိမိအနေဖြင့် ၎င်းတို့ကို တကယ်ပဲ အပြင်းအထန် တိုက်ခိုက်မည်ဖြစ်ပါသည်၊ တစ်ခုခုဖြစ်ခဲ့လျှင် ၎င်းတို့ကို ကမ္ဘာ့မြေပုံပေါ် ကနေ ဖျောက်ဖျက်ပစ်ရန် ပြတ်သားသည့် ညွှန်ကြားချက်များ ပေးထား ပါသည်” ဟု ထပ်လောင်းပြောဆိုခဲ့သည်။

အီရန်အစိုးရပိုင် Press TV ၏ ဖော်ပြချက်အရ အီရန် လက်နက်ကိုင် တပ်ဖွဲ့များ၏ ပြောရေးဆိုခွင့်ရှိသူက ၎င်းတို့နိုင်ငံ၏ ခေါင်းဆောင်ပိုင်းအပေါ် မည်သည့်စစ်ရေးအရ အရေးယူဆောင်ရွက်မှုမဆို “ပြင်းထန်သောလက်စားချေမှု” ကို ဖြစ်ပေါ်စေလိမ့်မည်ဟု အမေရိကန်အား ထပ်မံ သတိပေးထားသည်။

ပြီးခဲ့သည့် စနေနေ့ (ဇန်နဝါရီ ၁၇) က အီရန်၏အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက မကြာသေးမီကဖြစ်ပွားခဲ့သော အစိုးရ ဆန့်ကျင်ရေးဆန္ဒပြပွဲများကို ထရမ့်က ထောက်ခံခဲ့ခြင်းကြောင့် ၎င်းအား “ရာဇဝတ်ကောင်” ဟု ခေါ်ဆိုခဲ့သည်။ ထရမ့်ကလည်း ပြီးခဲ့သည့် ရုံးပိတ်ရက် အတွင်း Politico နှင့် အင်တာဗျူးတွင် ခါမေနီကို “စိတ်မနှံ့သူ” ဟု ပြန်လည် ပြောဆိုခဲ့ပြီး “အီရန်မှာ ခေါင်းဆောင်သစ် ရှာရမည့်အချိန်ရောက်ပြီ” ဟု ပြောကြားခဲ့ရာ တီဟီရန်က ယင်းမှတ်ချက်အပေါ် ရှုတ်ချခဲ့သည်။

အီရန်ပါလီမန်၏ အမျိုးသား လုံခြုံရေးကော်မရှင်က ခါမေနီအပေါ် တိုက်ခိုက်မှုသည် “အစ္စလာမ်ကမ္ဘာတစ်ခုလုံးကို စစ်ကြေညာခြင်း” ဖြစ်ပြီး ဘာသာရေးခေါင်းဆောင်များထံမှ “ဂျီဟတ် (Jihad)” သို့မဟုတ် ဘာသာရေး စစ်ပွဲဆင်နွှဲရန် တိုက်တွန်းချက်များ ထွက်ပေါ်လာနိုင်ကြောင်း ကြေညာ ထားသည်။

ကိုးကား- CNN

Photo: Al Jazeera

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂