နေတိုးတပ်ဖွဲ့ဝင်များအပေါ် ဒေါ်နယ်ထရမ့်၏ စော်ကားသော ပြောဆိုချက်များကို ဗြိတိန်ဝန်ကြီးချုပ် ဝေဖန်ရှုတ်ချပြီး တောင်းပန်ရန် အကြံပြု
ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာက အာဖဂန်နစ္စတန်စစ်ပွဲတွင် ပါဝင်ခဲ့သည့် နေတိုးတပ်ဖွဲ့ဝင်များအပေါ် ဒေါ်နယ်ထရမ့်၏ ပြောကြားချက်များသည် "စော်ကားရာရောက်ပြီး အလွန်ပင် စက်ဆုပ်ဖွယ် ကောင်းသည်" ဟု ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး အမေရိကန်သမ္မတအနေဖြင့် ပြန်လည်တောင်းပန်သင့်ကြောင်း အကြံပြုပြောကြားခဲ့သည်။
ဒါးဗို့စ်မြို့တွင်ပြုလုပ်ခဲ့သည့် Fox News နှင့် အင်တာဗျူးတစ်ခုတွင် ထရမ့်က အမေရိကန်အနေဖြင့် နေတိုးတပ်ဖွဲ့ဝင်များ၏ ထောက်ပံ့မှုကို "မည်သည့်အခါကမျှ မလိုအပ်ခဲ့ဖူးကြောင်း" နှင့် အာဖဂန်နစ္စတန်တွင် ထိုတပ်ဖွဲ့ဝင်များသည် "ရှေ့တန်းနှင့် အနည်းငယ်ဝေးရာတွင်သာ" နေခဲ့ကြကြောင်း ပြောဆိုခဲ့သည်။
ထိုပြောဆိုချက်အပေါ် ဝန်ကြီးချုပ် စတာမာက အာဖဂန်နစ္စတန်တွင် ဗြိတိန်စစ်သည် ၄၅၇ ဦး အသက်ပေးလှူခဲ့ရပြီး အများအပြားလည်း ဒဏ်ရာ ရရှိခဲ့ကြောင်း ထောက်ပြတုံ့ပြန်ခဲ့သည်။ သောကြာနေ့ (ဇန်နဝါရီ ၂၃) တွင် စတာမာက ပြောကြားရာ၌ "သမ္မတထရမ့်၏ မှတ်ချက်များသည် စော်ကားရာရောက်သလို အလွန်ပဲ စက်ဆုပ်ဖွယ်ကောင်းသည်ဟု ကျွန်တော် ယူဆပါသည် ၊ ထိုစကားတွေကြောင့် သေဆုံး ၊ ဒဏ်ရာရခဲ့သည့် စစ်သည်များ၏ မိသားစုဝင်တွေ စိတ်ထိခိုက်ရသည်မှာ အံ့သြစရာမဟုတ်ပါ" ဟု ဆိုသည်။
ထို့အပြင် ဗြိတိန်ခေါင်းဆောင်က ထရမ့်အနေဖြင့် ၎င်း၏စကားများအတွက် တောင်းပန်သင့်ကြောင်းကိုလည်း "အကယ်၍ ကျွန်တော်သာ ယခုကဲ့သို့ မှားယွင်းပြောဆိုမိခဲ့မည်ဆိုပါက သေချာပေါက် တောင်းပန်မှာပါ" ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
ကိုးကား- CNN
Photo: Al Jazeera
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
