ကျူးဘားတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်းများ ကျရောက်တော့မည့် အခြေအနေတွင် ထရမ့်က နောက်ဆုံးရာဇသံ ထုတ်ပြန်

News Image

  • ကျူးဘားတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်းများ ကျရောက်တော့မည့် အခြေအနေတွင် ထရမ့်က နောက်ဆုံးရာဇသံ ထုတ်ပြန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ကျူးဘားနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများ ပိုမိုတင်းကျပ်လိုက်ပြီးနောက် ဖြစ်ပေါ်လာနိုင်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများကို ရှောင်ရှားလိုပါက ဝါရှင်တန်နှင့် အမြန်ဆုံးသဘောတူညီချက်ရယူရန် ကျူးဘားအာဏာပိုင်များကို နောက်ဆုံးရာဇသံပေး သတိပေးလိုက်သည်။ 

သမ္မတထရမ့်သည် ကျူးဘားသို့ ရေနံရောင်းချသော မည်သည့် နိုင်ငံကိုမဆို အမေရိကန်က အခွန်တိုးမြှင့်ကောက်ခံမည့် အမှုဆောင်အမိန့်ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါလုပ်ဆောင်ချက်သည် ၁၉၆၀ ပြည့်နှစ်များကတည်းက ချမှတ်ထားသော ကုန်သွယ်ရေးပိတ်ဆို့မှုကို ပိုမိုခိုင်မာစေခဲ့ပြီး ကျူးဘား၏ အဓိကရေနံအရင်းအမြစ်ဖြစ်သော ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရို ကို အမေရိကန်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် ပေါ်ပေါက်လာခြင်း လည်း ဖြစ်သည်။

သမ္မတထရမ့်က ကျူးဘားသည် ယခင်က ဗင်နီဇွဲလား၏ ငွေကြေးနှင့် ရေနံအပေါ် မှီခိုခဲ့ရသော်လည်း ယခုအခါ ရေနံနှင့် ငွေကြေးပြတ်လပ်မှုကြောင့် အလွန်ဆိုးရွားသော အခြေအနေနှင့်ရင်ဆိုင်နေရကြောင်း ထောက်ပြခဲ့သည်။ သို့သော်လည်း နှစ်ဖက်သဘောတူညီချက်တစ်ခုရရှိနိုင်မည်ဟု ၎င်းက ယုံကြည်နေပြီး ထိုသို့သဘောတူညီချက်ရပါက ကျူးဘားသည် တစ်ကျော့ပြန် လွတ်လပ်လာမည်ဖြစ်ကြောင်းနှင့် ဝါရှင်တန်အနေဖြင့် ဟာဗားနားအပေါ် နွေးထွေးစွာ ဆက်ဆံသွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ 

ထရမ့်သည် ကျူးဘားအစိုးရထံမှ မည်သည့်အချက်များကို အလျှော့ပေးစေလိုသည်ကို အတိအကျ ရှင်းလင်းပြောဆိုခြင်းမရှိသော်လည်း အမေရိကန်တွင်ရှိနေသည့် လူအများအပြား ကျူးဘားသို့ ပြန်သွားနိုင်ရေးအတွက် အဆင်ပြေအောင် လုပ်ဆောင်ပေးလိုကြောင်းသာ ဆိုခဲ့သည်။

အခြားတစ်ဖက်တွင် မက္ကဆီကိုသမ္မတ ကလော်ဒီယာ ရှိန်းဘမ်က အမေရိကန်၏ ယခုလုပ်ဆောင်ချက်သည် ကျူးဘားရှိ ဆေးရုံများ၊ ရိက္ခာထောက်ပံ့မှုနှင့် အခြေခံဝန်ဆောင်မှုများကို တိုက်ရိုက် ထိခိုက်စေကာ အကြီးစားလူသားချင်းစာနာမှု အကျပ်အတည်းကို ဖြစ်ပေါ်စေနိုင်ကြောင်း သတိပေးခဲ့သည်။ ထို့အတူ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာကလည်း ဝါရှင်တန်သည် ကျူးဘားကို စီးပွားရေးအရ အသက်ရှူကျပ်အောင် လုပ်ဆောင်နေသည် ဟု စွပ်စွဲလိုက်ပြီး ကုလသမဂ္ဂက အတည်မပြုသည့် တစ်ဖက်သတ် ပိတ်ဆို့မှုများကို ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ကျူးဘားအာဏာပိုင်များကမူ ထရမ့်၏ဖိအားပေးလှုပ်ရှားမှုများကို အမေရိကန်ရှိ ကျူးဘားဆန့်ကျင်ရေး နီယို-ဖက်ဆစ် လက်ယာယိမ်းအုပ်စုထံမှ လာသော ထူးကဲသော ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် တုံ့ပြန်ခဲ့ပြီး နိုင်ငံအတွင်း "နိုင်ငံတကာ အရေးပေါ်အခြေအနေ" တစ်ရပ်ကို ကြေညာထားကြောင်း သိရှိရသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂