ထိုင်းရွေးကောက်ပွဲတွင် ဘူဂျထိုင်းပါတီ အပြတ်အသတ်အနိုင်ရပြီး ချင်းမိုင်တွင် ဖြူထိုင်းပါတီ အရေးနိမ့်

News Image

  • ထိုင်းရွေးကောက်ပွဲတွင် ဘူဂျထိုင်းပါတီ အပြတ်အသတ်အနိုင်ရပြီး ချင်းမိုင်တွင် ဖြူထိုင်းပါတီ အရေးနိမ့်

ဖေဖော်ဝါရီလ ၈ ရက်နေ့ကကျင်းပခဲ့သော ထိုင်းနိုင်ငံ အထွေထွေ ရွေးကောက်ပွဲတွင် အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် အနူတင် ချာန်ဝီရာကူးလ် ၏ ဘူဂျထိုင်း (Bhumjaithai) ပါတီသည် မဲဆန္ဒနယ်မြေအလိုက် အမတ် နေရာ ၁၇၄ နေရာဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ခဲ့သည်။ မဲအရေအတွက် ၉၄ ရာခိုင်နှုန်းကိုရေတွက်ပြီးချိန်တွင် ပြည်သူ့ပါတီ (People's Party) က ၈၇ နေရာ၊ ဖြူထိုင်း (Pheu Thai) ပါတီက ၅၈ နေရာ၊ ကလာသမ် (Klatham) ပါတီ က ၅၆ နေရာနှင့် ဒီမိုကရက်ပါတီက ၁၀ နေရာတို့ဖြင့် အသီးသီး ရရှိထား ကြသည်။

ယခုရွေးကောက်ပွဲတွင် ထူးခြားချက်အနေဖြင့် အတိုက်အခံ ပြည်သူ့ပါတီ သည် ဘန်ကောက်မြို့တော်ရှိ အမတ်နေရာ ၃၃ နေရာစလုံးနှင့် နွန်သဘူရီ၊ စမွတ်ပရာကန် စသည့် မြို့ပြဒေသများတွင် အခိုင်အမာ အောင်ပွဲခံနိုင် ခဲ့သည်။ တစ်ဖက်တွင်လည်း ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ ဖြူထိုင်း ပါတီသည် ၎င်းတို့၏အမာခံနယ်မြေဖြစ်သော ချင်းမိုင်ပြည်နယ်ရှိ မဲဆန္ဒနယ် ၁၀ ခုစလုံးတွင် ရှုံးနိမ့်ခဲ့ရသည်။ သို့သော်လည်း ပါတီအလိုက် အချိုးကျ မဲပေးစနစ် (Party-list) တွင်မူ ပြည်သူ့ပါတီက မဲအရေအတွက် ၉.၇၃ သန်းဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ဘူဂျထိုင်းက ဒုတိယနေရာတွင် ရှိနေသည်။

စုစုပေါင်း ရလဒ်များကို ပေါင်းစပ်ခန့်မှန်းချက်အရ ဘူဂျထိုင်းပါတီသည် အမတ်နေရာ ၁၉၄ နေရာဖြင့် အကြီးဆုံးပါတီ ဖြစ်လာရန်ရှိနေပြီး ယခင် မဟာမိတ်ဟောင်း ကလာသမ်ပါတီနှင့် ပူးပေါင်းကာ အစိုးရသစ် ဖွဲ့စည်း နိုင်ဖွယ်ရှိသည်ဟု လေ့လာသူများက သုံးသပ်ကြသည်။ 

အဆိုပါရွေးကောက်ပွဲတွင် မဲပေးသူဦးရေ ၆၄ ရာခိုင်နှုန်းခန့် ရှိခဲ့ပြီး ရွေးကောက်ပွဲနှင့်အတူ ပူးတွဲကျင်းပသော ဆန္ဒခံယူပွဲတွင် မဲဆန္ဒရှင် ၆၀ ရာခိုင်နှုန်း (၁၉.၈၆ သန်း) က ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲရန် ထောက်ခံမဲပေးခဲ့ကြသည်။ ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲတွင် Move Forward ပါတီ (ယခု ပြည်သူ့ပါတီ) က ၁၅၁ နေရာဖြင့် ပထမနေရာရခဲ့သော်လည်း ယခုနှစ်တွင်မူ ဘူဂျထိုင်းပါတီက အမတ်နေရာ အများဆုံးဖြင့် ပြန်လည် ဦးဆောင်လာခြင်း ဖြစ်သည်။

ကိုးကား- Bangkok Post

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး -၂