အမေရိကန်နှင့် ဆွေးနွေးပွဲများမတိုင်မီ အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့် အိုမန်နိုင်ငံခြားရေးဝန်ကြီးတို့ ဂျီနီဗာတွင် တွေ့ဆုံ
ဝါရှင်တန်နှင့် တီဟီရန်တို့ကြား အီရန်၏ နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ သဘောတူညီချက်ရရှိရန် ကြိုးပမ်းနေစဉ်အတွင်း အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီ (Abbas Araghchi) သည် အမေရိကန်ကိုယ်စားလှယ်များနှင့် တတိယအကြိမ်မြောက် ဆွေးနွေးမှုများ မပြုလုပ်မီ ယမန်နေ့ (ဖေဖော်ဝါရီ ၂၅) က ဂျီနီဗာမြို့တွင် ၎င်း၏ အိုမန်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့သည်။ တစ်ဖက်တွင်လည်း အမေရိကန်စစ်တပ်သည် အရှေ့အလယ်ပိုင်းတွင် စစ်ရေးအင်အား တိုးမြှင့်ဖြန့်ကြက်လျက် ရှိသည်။
ဆွေးနွေးပွဲများဖြစ်မြောက်အောင် ကူညီပေးခဲ့သည့်အတွက် အိုမန် နိုင်ငံခြားရေးဝန်ကြီးအား ကျေးဇူးတင်ရှိကြောင်း အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပြီး “ဆွေးနွေးပွဲများ အောင်မြင်ရန်အတွက် တစ်ဖက်နိုင်ငံအနေဖြင့် အလေးအနက်ထားရန် လိုအပ်သကဲ့သို့ ရှေ့နောက်မညီသောအပြုအမူနှင့် ရပ်တည်ချက်များကို ရှောင်ကြဉ်ရန်လည်း လိုအပ်သည်” ဟု ဆိုသည်။
အိုမန်နိုင်ငံခြားရေးဝန်ကြီး ဆယစ် ဘာဒါ ဘင် ဟာမက် အယ်လ် ဘူဆိုက်ဒီ (Sayyid Badr bin Hamad Al Busaidi) သည် အာရက်ချီနှင့် အမေရိကန် ကိုယ်စားလှယ်များကြား သွယ်ဝိုက်သောဆွေးနွေးမှုများကို ကြားဝင် စေ့စပ်ပေးနေခြင်းဖြစ်သည်။ ယင်းကိုယ်စားလှယ်များတွင် သမ္မတ ဒေါ်နယ်ထရမ့်၏ အရှေ့အလယ်ပိုင်းဆိုင်ရာ စေလွှတ်ကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ် (Steve Witkoff) နှင့် သမ္မတ၏ သားမက်ဖြစ်သူ ဂျရက်ဒ် ကုရှ်နာ (Jared Kushner) တို့ ပါဝင်သည်။
အမေရိကန်ကိုယ်စားလှယ် နှစ်ဦးစလုံးက သဘောတူညီချက် ရရှိနိုင်ခြင်း ရှိ၊ မရှိ စောင့်ကြည့်ရန်အချိန်ပေးရန် သမ္မတအား တိုက်တွန်းထားကြသည်။ သို့သော်လည်း ဝစ်ကော့ဖ်က အီရန်အနေဖြင့် ဆွေးနွေးပွဲများတွင် အဘယ်ကြောင့် အရှုံးပေးညှိနှိုင်းခြင်း မရှိသေးသနည်းဟူသော အချက်အပေါ် သမ္မတထရမ့်က ‘သိလိုစိတ်ပြင်းပြနေသည်’ ဟု စနေနေ့ (ဖေဖော်ဝါရီ ၂၁) က ပြောကြားခဲ့သည်။
နှစ်ဖက်စလုံးတွင် ပြတ်သားသော စည်းကမ်းချက် (Red lines) များ အသီးသီးရှိနေပြီး အချို့မှာ တိုက်ရိုက်ပဋိပက္ခ ဖြစ်နေသည်။ ထရမ့်က အီရန်အနေဖြင့် ယူရေနီယံသန့်စင်ခြင်းကို လုံးဝခွင့်မပြုသင့်ကြောင်းပြောဆိုထားသော်လည်း အီရန်ကမူ ၎င်းမှာ ၎င်းတို့၏ ရပိုင်ခွင့်ဖြစ်ကြောင်းနှင့် နျူကလီးယားအစီအစဉ်မှာ ငြိမ်းချမ်းသောရည်ရွယ်ချက်အတွက်သာဖြစ်ကြောင်း အခိုင်အမာ ပြောဆိုနေသည်။
မကြာသေးမီ သီတင်းပတ်များအတွင်း ဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်နေစဉ်မှာပင် အမေရိကန်သည် အရှေ့အလယ်ပိုင်းတွင် လေကြောင်းနှင့် ရေကြောင်းစစ်အင်အားများကို အကြီးအကျယ် တိုးမြှင့်ဖြန့်ကြက်ထားသည်။ ယင်းသို့ အင်အားဖြန့်ကြက်ထားခြင်းမှာ တီဟီရန်အစိုးရအား ဖိအားပေးရန်နှင့် ဆွေးနွေးပွဲများပျက်ပြားသွားပါက အီရန်နိုင်ငံအတွင်း တိုက်ခိုက်မှုများ ပြုလုပ်နိုင်မည့် ရွေးချယ်စရာများကို အဆင်သင့်ရှိနေစေရန်အတွက် ဖြစ်သည်။
နောက်ထပ် ဆွေးနွေးပွဲကို ယနေ့ (ဖေဖော်ဝါရီ ၂၆ ရက်) နံနက်ပိုင်းတွင် ဂျီနီဗာမြို့၌ ကျင်းပရန် စီစဉ်ထားသည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
