လေယာဉ်ဆီ ပြတ်လပ်မှုဖြေရှင်းရန် ဗီယက်နမ်နိုင်ငံက သံတမန်ရေးအရ ကြိုးပမ်း

News Image

  • လေယာဉ်ဆီ ပြတ်လပ်မှုဖြေရှင်းရန် ဗီယက်နမ်နိုင်ငံက သံတမန်ရေးအရ ကြိုးပမ်း

တရုတ်အကောက်ခွန်ဌာန၏ အချက်အလက်များအရ ဗီယက်နမ် နိုင်ငံသည် ဩစတြေးလျနှင့် ဂျပန်ပြီးလျှင် တရုတ်နိုင်ငံထံမှ လေယာဉ်ဆီ (Aviation Kerosene) အများဆုံးတင်သွင်းသည့် တတိယမြောက်နိုင်ငံ ဖြစ်သည်။ အရှေ့တောင်အာရှနိုင်ငံဖြစ်သည့် ဗီယက်နမ်သည် အဓိက တင်သွင်းရာဖြစ်သော တရုတ်နှင့်ထိုင်းနိုင်ငံတို့နှင့် လေယာဉ်ဆီ တင်သွင်းမှုပြဿနာကို ဆွေးနွေးဖြေရှင်းရန် ကြိုးပမ်းလျက်ရှိသည်။

ဗီယက်နမ်အစိုးရ၏ သတင်းပေါ်တယ် ဖော်ပြချက်အရ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး လီဟိုအိုင်ထရန်းသည် ဟနွိုင်မြို့တွင်ကျင်းပခဲ့သော အစည်းအဝေး၌ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိအား စွမ်းအင်ဖူလုံမှု ရှိစေရေးအတွက် ရင်းနှီးစွာပူးပေါင်းဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည်။ သို့သော် တရုတ်နိုင်ငံဘက်မှထုတ်ပြန်ခဲ့သော အစည်းအဝေးမှတ်တမ်းတွင်မူ စွမ်းအင်ဖူလုံရေးကိစ္စနှင့်ပတ်သက်၍ ဖော်ပြထားခြင်းမရှိပေ။

ထို့ပြင် သောကြာနေ့ (မတ် ၁၃) က ပြုလုပ်ခဲ့သော ထိုင်းသံအမတ်နှင့် တွေ့ဆုံပွဲတွင်လည်း ဗီယက်နမ်ဝန်ကြီးချုပ် ဖမ်မင်ချင်က လေယာဉ်ဆီ ပြတ်လပ်မှုပြဿနာကို ကူညီဖြေရှင်းပေးရန် မေတ္တာရပ်ခံခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာများက ဖော်ပြခဲ့သည်။ CNN က ဗီယက်နမ်၊ တရုတ်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနများထံ မှတ်ချက်တောင်းခံထားသော်လည်း ချက်ချင်းပြန်ကြားခြင်း မရှိသေးပေ။

ဗီယက်နမ်လေကြောင်းအာဏာပိုင်အဖွဲ့က ၎င်းတို့၏ ထုတ်ပြန်ချက်တွင် "လက်ရှိအခြေအနေတွင် ထောက်ပံ့သူအသစ် ရှာဖွေရန် ခက်ခဲနေသည်" ဟု ဖော်ပြထားသည်။ ထို့ပြင် ဗီယက်နမ်နိုင်ငံ၏ ရေနံချက် စက်ရုံ နှစ်ရုံသည် အခြားရေနံထွက်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရန် လုပ်ဆောင်နေရသည့်အတွက် လေယာဉ်ဆီထုတ်လုပ်မှုကိုတိုးမြှင့်ရန် ခက်ခဲနေကြောင်း သိရှိရသည်။

လေယာဉ်ဆီထောက်ပံ့မှု ပုံမှန်ပြန်ဖြစ်လာလျှင်ပင် လောင်စာဆီစျေးနှုန်းများ အဆမတန် မြင့်တက်နေမှုက လေကြောင်းလုပ်ငန်းကို ရိုက်ခတ်နေပြီး ခရီးစဉ်အများအပြားမှာ အမြတ်မကျန်တော့မည့် အခြေအနေသို့ ရောက်ရှိနေကြောင်း သတိပေးထားသည်။ ပြည်တွင်းလေကြောင်းလိုင်းတစ်ခုဖြစ်သည့် Sun PhuQuoc Airways ကလည်း လောင်စာဆီစျေးနှုန်း မတည်ငြိမ်မှုကြောင့် လာမည့် တစ်လမှသုံးလအတွင်း ခရီးစဉ်များကိုပြန်လည်ချိန်ညှိရန် စီစဉ်နေကြောင်း လေကြောင်းအာဏာပိုင်များထံ တင်ပြထားသည်။

Petrolimex နှင့် Skypec တို့ကလည်း လေယာဉ်ဆီစျေးနှုန်း မြင့်တက်လာမှုကြောင့် ၎င်းတို့၏ ချေးငွေကန့်သတ်ချက်များ ပြည့်လုနီးပါး ဖြစ်နေကြောင်းဖော်ပြထားပြီး စျေးကွက်အခြေအနေ ပုံမှန်ပြန်ဖြစ်သည်အထိ ဘဏ်များအနေဖြင့် ငွေကြေးဆိုင်ရာအထောက်အပံ့များကို ပိုမို ပြောင်းလွယ်ပြင်လွယ်ရှိစွာပံ့ပိုးပေးရန် တိုက်တွန်းထားသည်။ LSEG ၏ စျေးနှုန်းအချက်အလက်များအရ စင်ကာပူတွင် ရောင်းချနေသော လေယာဉ်ဆီ (Cost and Freight) စျေးနှုန်းမှာ တစ်စည်လျှင် ၁၅၇ ဒေါ်လာ ဝန်းကျင်တွင် ရှိနေပြီး ယင်းမှာ ပဋိပက္ခမဖြစ်ပွားမီကထက် တစ်ဆခွဲကျော် မြင့်တက် လာခြင်း ဖြစ်သည်။

ကိုးကား- Bangkok Post

Photo: MarketScreener

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂