အမေရိကန်၏ အကျိုးစီးပွားအတွက် နေတိုးအဖွဲ့က မည်သည့်အရာမျှ လုပ်ဆောင်ပေးမည်မဟုတ်ဟု သမ္မတ ထရမ့် ဝေဖန်

News Image

  • အမေရိကန်၏ အကျိုးစီးပွားအတွက် နေတိုးအဖွဲ့က မည်သည့်အရာမျှ လုပ်ဆောင်ပေးမည်မဟုတ်ဟု သမ္မတ ထရမ့် ဝေဖန်

အီရန်အပေါ် ဆင်နွှဲနေသည့် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်ရေးတွင် ပါဝင်ရန် နေတိုး (NATO) အဖွဲ့ဝင်နိုင်ငံများ၏ ငြင်းဆန်မှုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပြီး အဆိုပါမဟာမိတ်အဖွဲ့သည် အမေရိကန်အတွက် တစ်ခါမျှ အမှန်တကယ် မလိုအပ်ခဲ့သည့် "အကျိုးအမြတ် တစ်ဖက်သတ်စီးဆင်းရာလမ်းကြောင်း" (One-way street) သာဖြစ်ကြောင်း ပြစ်တင်ရှုတ်ချခဲ့သည်။

ကမ္ဘာ့ပင်လယ်ရေကြောင်း ရေနံစိမ်းသယ်ယူပို့ဆောင်ရေး၏ ၂၀ ရာခိုင်နှုန်းခန့် ဖြတ်သန်းရာ အချက်အချာကျသော ဟော်မုဇ် ရေလက်ကြား လုံခြုံရေးအတွက် "အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်ရန်" ထရမ့်၏ တောင်းဆိုချက်ကို နေတိုးအဖွဲ့ဝင်များအပါအဝင် အမေရိကန်၏ မဟာမိတ်များက လျစ်လျူရှုခြင်း သို့မဟုတ် အတိအလင်းငြင်းပယ်ခြင်းများ ပြုလုပ်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် သမ္မတ၏ မှတ်ချက်စကားထွက်ပေါ် လာခြင်းဖြစ်သည်။ လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများအတွင်း အဆိုပါ အရေးပါသည့်ရေလမ်းကြောင်းမှာ လက်တွေ့တွင် ပိတ်ဆို့ခံထားရသည့် အခြေအနေ၌ ရှိနေသည်။

မဟာမိတ်နိုင်ငံများ၏ တုံ့ပြန်မှုမရှိခြင်းအပေါ် ၎င်းအနေဖြင့် အံ့သြခြင်းမရှိကြောင်း သမ္မတက ပြောကြားခဲ့သည်။ ၎င်း၏ Truth Social လူမှု ကွန်ရက်စာမျက်နှာတွင် အင်္ဂါနေ့ (မတ် ၁၇) က ရေးသားဖော်ပြရာ၌ "မိမိတို့အနေဖြင့် ၎င်းတို့အား ကာကွယ်ပေးမည်ဖြစ်သော်လည်း ၎င်းတို့ ကမူ မိမိတို့အတွက် အထူးသဖြင့် အကူအညီလိုအပ်ချိန်မျိုးတွင် မည်သည့်အရာမျှ လုပ်ဆောင်ပေးမည်မဟုတ်ပါ" ဟု ထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် အမေရိကန်သည် မည်သည့်အကူအညီမျှမပါဘဲ အီရန်အပေါ် စစ်ရေးအရ ကြီးမားသော အောင်မြင်မှုများရရှိခဲ့ကြောင်းလည်း ၎င်းက အခိုင်အမာပြောဆိုခဲ့သည်။

"မိမိတို့အနေဖြင့် နေတိုးနိုင်ငံများ၏ အကူအညီကို မလိုအပ်တော့သလို အလိုလည်းမရှိပါ၊ တကယ်တော့ ဘယ်အခါကမျှ မလိုအပ်ခဲ့ခြင်း ဖြစ်သည်" ဟု ရေးသားခဲ့ပြီး ဝါရှင်တန်အနေဖြင့် ဂျပန်၊ တောင်ကိုရီးယား သို့မဟုတ် ဩစတြေးလျတို့ကဲ့သို့သော အခြားမဟာမိတ်များထံမှ အကူအညီကိုလည်း ရယူရန်မလိုကြောင်း ထပ်လောင်းဖော်ပြခဲ့သည်။

NATO မဟာမိတ်အဖွဲ့၏ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ယန်းစတိုလ် တင်ဘတ်က ဒေါ်နယ်ထရမ့်၏ သမ္မတသက်တမ်းအတွင်း အမေရိကန် ဦးဆောင်သော အဆိုပါစစ်ရေးမဟာမိတ်အဖွဲ့ ဆက်လက် တည်မြဲနေမည် ဆိုသည်မှာ အာမခံချက်မရှိကြောင်း CBC သတင်းဌာနသို့ ပြောကြားခဲ့သည်။

သမ္မတထရမ့်သည် နေတိုးအဖွဲ့အပေါ် အစဉ်တစိုက်ဝေဖန်လေ့ရှိပြီး ၎င်း၏ မူဝါဒနှင့် တောင်းဆိုချက်များကိုဆန့်ကျင်သည့် အဖွဲ့ဝင်နိုင်ငံများအား ခြိမ်းခြောက်မှုများ ပြုလုပ်လေ့ရှိရာ မဟာမိတ်အဖွဲ့ ပြိုကွဲသွားနိုင်ခြေအပေါ် စိုးရိမ်ပူပန်မှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး -၂