အီရန်အပေါ် စစ်ရေးအရ အရေးယူဆောင်ရွက်ပိုင်ခွင့်ရှိကြောင်း ဆော်ဒီ အာရေဗျ ပြောကြား
အီရန်နိုင်ငံအနေဖြင့် ဒေသတွင်းတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းနှင့်ပတ်သက်၍ အာရပ်နှင့် အစ္စလာမ် နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံပြီးနောက် လိုအပ်ပါက အီရန်အပေါ် "စစ်ရေးအရ အရေးယူ ဆောင်ရွက်ပိုင်ခွင့်ကို ထိန်းသိမ်းထားရှိကြောင်း" ဆော်ဒီ နိုင်ငံခြားရေးဝန်ကြီး မင်းသား ဖိုင်ဆယ် ဘင် ဖာဟန် (Prince Faisal bin Farhan) က ကြာသပတေးနေ့ (မတ် ၁၉) တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
ဆော်ဒီလေကြောင်းကာကွယ်ရေးတပ်ဖွဲ့က မြို့တော်ရီယာ့ဒ် (Riyadh) အပေါ် ကျရောက်လာသော ပဲ့ထိန်းဒုံးကျည်များကို ကြားဖြတ်ဟန့်တား နိုင်ခဲ့ပြီး နာရီပိုင်းအကြာတွင် နိုင်ငံခြားရေးဝန်ကြီးက ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည်။ "ဒီနေ့ အီရန်ကပေးသည့် သတင်းစကားက တော်တော် လေးရှင်းပါတယ် ၊ သံတမန်တွေ အစည်းအဝေးလုပ်နေတုန်း ရီယာ့ဒ်ကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ တိုက်ဆိုင်မှုလို့ ကျွန်တော် မမြင်ပါဘူး" ဟု ၎င်းက ဆိုသည်။
"သူတို့ (အီရန်) ဟာ အိမ်နီးချင်းတွေနဲ့ ဆွေးနွေးပြောဆိုဖို့ မယုံကြည်ဘူး ၊ အိမ်နီးချင်းတွေကို ဖိအားပေးဖို့ပဲ ကြိုးစားတယ် ၊ အသေအချာ ပြောနိုင်တာ တစ်ခုကတော့ အဲဒီနည်းလမ်းဟာ အောင်မြင်မှာမဟုတ်ဘူး" ဟု ၎င်းက ဆက်လက်ပြောကြားသည်။ ဆော်ဒီအာရေဗျသည် မည်သည့် ဖိအားပေးမှုကိုမျှ အလျှော့ပေးမည်မဟုတ်ကြောင်းနှင့် ထိုဖိအားများသည် အီရန် အပေါ် အကျိုးဆက်ဆိုးများ ပြန်လည်သက်ရောက်စေလိမ့်မည်ဟု ဘင် ဖာဟန်က ထပ်လောင်းပြောဆိုသည်။
"ကျွန်တော်တို့ဟာ လိုအပ်မယ်လို့ ယူဆရင် စစ်ရေးအရ အရေးယူဆောင်ရွက်နိုင်သည့် အခွင့်အရေးကို ဆုပ်ကိုင်ထားပါတယ်၊ အချိန်တန်သည့်အခါ နိုင်ငံတော်ရဲ့ ခေါင်းဆောင်ပိုင်းက လိုအပ်သည့် ဆုံးဖြတ်ချက်ကို ချပါလိမ့်မယ် ၊ ကျွန်တော်တို့ရဲ့ နိုင်ငံနဲ့ စီးပွားရေးအရင်းအမြစ်တွေကို ကာကွယ်ဖို့အတွက် ဘယ်တော့မှ နောက်တွန့်မှာမဟုတ်ပါဘူး" ဟု ဆိုသည်။
ကမ္ဘာ့အကြီးဆုံး South Pars သဘာဝဓာတ်ငွေ့သိုက်အပါအဝင် ၎င်းတို့၏ ရေနံနှင့် ဓာတ်ငွေ့ဆိုင်ရာအဆောက်အအုံများကို အမေရိကန်နှင့် အစ္စရေး တို့က ပစ်မှတ်ထားနေသည်ဟု စွပ်စွဲပြီးနောက် အီရန်သည် ဗုဒ္ဓဟူးနေ့ (မတ် ၁၈) တွင် ဒေသတွင်းရှိ စွမ်းအင်ဆိုင်ရာအဆောက်အအုံများကို တိုက်ခိုက်ရန် အာရုံစိုက်လာခဲ့သည်။
ရီယာ့ဒ်ရှိ ရေနံချက်စက်ရုံနှစ်ရုံ တိုက်ခိုက်ခံခဲ့ရသည်ဟု ဘင် ဖာဟန်က ပြောသည်။ ထို့အပြင် အီရန်၏ ဒုံးကျည်ဖြင့်တိုက်ခိုက်မှုကြောင့် ကာတာ နိုင်ငံ၏ အဓိက သဘာဝဓာတ်ငွေ့ သန့်စင်သည့်စက်ရုံဖြစ်သော Ras Laffan စက်မှုမြို့တော်တွင်လည်း ကြီးမားသောပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ် ခဲ့သည်။
အရှေ့အလယ်ပိုင်းတစ်လွှားရှိ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများ တိုက်ခိုက်ခံရမှုကြောင့် စျေးကွက်အတွင်း ရိုက်ခတ်မှုများရှိခဲ့ပြီး ကမ္ဘာ့ ရေနံစျေးနှုန်းမှာ တစ်စည်လျှင် ၁၁၀ ဒေါ်လာ အထိ မြင့်တက်သွားခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

,
,
,
,
,