အစ္စရေး၏ ဓာတ်ငွေ့သိုက်တိုက်ခိုက်မှုကို အမေရိကန်မသိရှိခဲ့ဟု ထရမ့် ပြောကြားသော်လည်း သတင်းရင်းမြစ်များက ငြင်းဆို

News Image

  • အစ္စရေး၏ ဓာတ်ငွေ့သိုက်တိုက်ခိုက်မှုကို အမေရိကန်မသိရှိခဲ့ဟု ထရမ့် ပြောကြားသော်လည်း သတင်းရင်းမြစ်များက ငြင်းဆို

ကမ္ဘာ့အကြီးဆုံး သဘာဝဓာတ်ငွေ့သိုက်ဖြစ်သည့် South Pars ဓာတ်ငွေ့လုပ်ကွက်ရှိ အီရန်အဆောက်အအုံများကို အစ္စရေးက တိုက်ခိုက်ခဲ့မှုနှင့် ပတ်သက်၍ အမေရိကန်အနေဖြင့် လုံးဝမသိရှိခဲ့ပါဟု သမ္မတ ဒေါ်နယ်ထရမ့် က ပြောကြားခဲ့သည်။

သို့သော်လည်း အဆိုပါတိုက်ခိုက်မှုအကြောင်း သိရှိထားသည့် အစ္စရေး သတင်းရင်းမြစ်တစ်ခုက အစ္စရေးသည် အဆိုပါတိုက်ခိုက်မှုကို အမေရိကန် နှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့ (မတ် ၁၈) တွင် CNN သို့ ပြောကြားခဲ့ရာ သမ္မတ၏ ပြောဆိုချက်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ ထို့အပြင် အမေရိကန်သတင်းရင်းမြစ်တစ်ခုကလည်း အဆိုပါ တိုက်ခိုက်မှုအား အမေရိကန်ကသိရှိထားကြောင်း CNN သို့ ပြောကြားခဲ့သည်။

ယခုတိုက်ခိုက်မှုသည် စစ်ပွဲအတွင်း ကြီးမားသော အခြေအနေတင်းမာလာမှုတစ်ခုအဖြစ် ရှုမြင်ခံနေရသည်။ အစ္စရေးသည် ယခင်က အီရန်၏ လောင်စာဆီသိုလှောင်ရုံအချို့ကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သော်လည်း ဗုဒ္ဓဟူးနေ့ (မတ် ၁၈) မတိုင်မီအထိ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေး အဆောက်အအုံများကို တိုက်ခိုက်ခြင်းမှ ရှောင်ကြဉ်ခဲ့သည်။

ယင်းကို တုံ့ပြန်သည့်အနေဖြင့် အီရန်က အိမ်နီးချင်း ပင်လယ်ကွေ့ နိုင်ငံများရှိ အဓိက စွမ်းအင်အဆောက်အအုံများကိုတိုက်ခိုက်ခဲ့ရာ ကာတာနိုင်ငံ ၏ အဓိကစွမ်းအင်ဗဟိုချက်ဖြစ်သော Ras Laffan တွင် ကြီးမားသော ပျက်စီးဆုံးရှုံးမှုများရှိခဲ့ကြောင်း ကာတာဘက်က ပြောကြားခဲ့သည်။အဆိုပါ အပြန်အလှန်တိုက်ခိုက်မှုများကြောင့် စွမ်းအင်ဈေးနှုန်းများထိုးတက်သွားခဲ့ပြီး Ras Laffan ရှိ ပျက်စီးမှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ ဓာတ်ငွေ့ပြတ်လပ်မှုရေရှည်ဖြစ်ပေါ်နိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားကြသည်။

ကိုးကား- CNN

Photo: TAG24

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂