အီရန်စစ်ပွဲကြောင့် ရာထူးမှနုတ်ထွက်သွားသည့် ဂျိုးကန့်ကို သနား၍သာ အလုပ်ခန့်ခဲ့ခြင်းဖြစ်ကြောင်း ထရမ့် ပြောကြား
အမျိုးသားအကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုဌာန ညွှန်ကြားရေးမှူးဟောင်း ဂျိုးကန့် (Joe Kent) သည် အီရန်စစ်ပွဲနှင့်ပတ်သက်၍ ရာထူးမှ နုတ်ထွက်သွားပြီးနောက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်းနှင့်ပတ်သက်မှု မရှိစေရန် ရှောင်လွှဲပြောဆိုခဲ့သည်။ သမ္မတက ကန့်ကို အလုပ်ခန့်အပ်ခဲ့ ခြင်းမှာ ၎င်းအပေါ် "သနားစိတ်ဝင်မိ၍" သာ ဖြစ်ကြောင်း မတ်လ ၂၃ ရက်နေ့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
"ကျွန်တော် သူ့ကိုသနားလို့ ကျွန်တော့်လူတွေကို ပြောလိုက်တယ်၊ သူ့ကို ဆက်သွယ်လိုက်ပါ၊ အိမ်ဖြူတော်မှာ အလုပ်တစ်ခုပေးလိုက်ပါလို့" ဟု ထရမ့်က ပြောကြားခဲ့ပြီး ကန့်၏ဇနီးဖြစ်သူ ကွယ်လွန်သွားခြင်းနှင့် ၎င်းမှာ ကွန်ဂရက်လွှတ်တော် ကိုယ်စားလှယ်အဖြစ် နှစ်ကြိမ်တိုင်တိုင် ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့ခြင်းတို့ကို ထည့်သွင်းပြောဆိုခဲ့သည်။ "ဒါက ကျွန်တော်ရခဲ့သည့် ကျေးဇူးတုံ့ပြန်မှုပေါ့ဗျာ" ဟုလည်း ထရမ့်က ဆိုသည်။
အီရန်သည် မကြာမီကာလအတွင်း ခြိမ်းခြောက်မှုဖြစ်လာနိုင်သည် ဟူသော ထရမ့်၏ ပြောကြားချက်ကိုထောက်ခံသည့် ထောက်လှမ်းရေး အချက်အလက် မရှိကြောင်း အခိုင်အမာဆိုကာ ကန့်သည် စစ်ပွဲကိုဆန့်ကျင်သည့် အနေဖြင့် ပြီးခဲ့သည့်သီတင်းပတ်က ရာထူးမှ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။
အစ္စရေးခေါင်းဆောင်များနှင့် စစ်လိုလားသော မဟာမိတ်တစ်စုက ထရမ့်အား အမေရိကန်၏ အကျိုးစီးပွားနှင့်မကိုက်ညီဘဲ အီရန်ကို တိုက်ခိုက်ရန် စည်းရုံးခဲ့ခြင်းဖြစ်သည်ဟု ကန့်က စွပ်စွဲပြောဆိုထားသည်။ ရာထူးမှနုတ်ထွက်ရန် ဆုံးဖြတ်ပြီးနောက်ပိုင်းတွင် ၎င်းနှင့်ထရမ့်တို့သည် ရင်းရင်းနှီးနှီး ဖုန်းပြောဆိုခဲ့ကြကြောင်း ကန့်က တွေ့ဆုံမေးမြန်းခန်း များတွင် ပြောကြားခဲ့သည်။
သို့သော်လည်း ထရမ့်ကမူ တနင်္လာနေ့ (မတ် ၂၃) တွင် ကန့်ကို လူကောင်း တစ်ယောက်ဟု ခေါ်ဆိုခဲ့သော်လည်း ကန့်၏ဇနီးဖြစ်သူ အရှေ့အလယ်ပိုင်း တွင် တာဝန်ထမ်းဆောင်စဉ် သေဆုံးသွားခြင်းနှင့် ကန့်သည် လွှတ်တော် ရွေးကောက်ပွဲတွင် နှစ်ကြိမ်ရှုံးနိမ့်ခဲ့သည်ကို သိရှိရပြီးနောက်မှသာ ထိုအဆင့်မြင့် ထောက်လှမ်းရေးရာထူးကို ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောဆို၍ ငြင်းချက်ထုတ်ခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
