အစိုးရ၏ ကြားဝင်ဆောင်ရွက်မှုများကြောင့် ထိုင်းနိုင်ငံ၏ လောင်စာဆီ ပြတ်လပ်မှု ပြေလည်လာ
လောင်စာဆီရရှိမှုနှင့် ဖြန့်ဖြူးမှုအပိုင်းတည်ငြိမ်စေရန် အစိုးရ၏ ဆက်တိုက် ကြားဝင်ဆောင်ရွက်မှုများ ပြုလုပ်ပြီးနောက် ထိုင်းနိုင်ငံ၏ လောင်စာဆီ ပြတ်လပ်မှုအကျပ်အတည်းမှာ စတင်ပြေလည်လာပြီဖြစ်ကြောင်း စွမ်းအင်စီးပွားရေးဦးစီးဌာန (DOEB) က ပြောကြားလိုက်သည်။
DOEB ဒုတိယညွှန်ကြားရေးမှူးချုပ် Chatchai Khunlohit က လုပ်ငန်းစဉ်များတွင် ကြုံတွေ့နေရသည့် အဟန့်အတားများကို ဖြေရှင်းရန်အတွက် ၎င်းတို့ဌာနအနေဖြင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI)၊ ဒေသန္တရအာဏာပိုင်များနှင့် ပူးပေါင်းကာ နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း အတည်ပြုခဲ့သည်။
အဆိုပါ လုပ်ဆောင်ချက်များထဲတွင် ဝန်ကြီးချုပ် Anutin Charnvirakul ၏ မကြာသေးမီက ထုတ်ပြန်ခဲ့သည့်အမိန့်လည်း ပါဝင်သည်။ ထိုအမိန့် အရ ဆီကုန်သည်များသည် ၎င်းတို့၏ နှစ်အလိုက် ရောင်းချမှုပမာဏအပေါ်အခြေခံ၍ ဆီအရန်သင့်ထားရှိမှုကို ၁ ရာခိုင်နှုန်း မှ ၃ ရာခိုင်နှုန်း အထိ (ပျမ်းမျှ ၁၁ ရက်စာ သုံးစွဲမှုနှင့် ညီမျှသော ပမာဏ) သို့ ဧပြီလကုန်တွင် တိုးမြှင့်သိုလှောင်ထားကြရန် လိုအပ်မည်ဖြစ်သည်။
အဆိုပါ လုပ်ဆောင်ချက်သည် မတ်လ ၆ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ကင်းလွတ်ခွင့်ကို ပြန်လည်ရုပ်သိမ်းလိုက်ခြင်း ဖြစ်သည်။ ကမ္ဘာ့ရေနံစျေးနှုန်းများ ကျဆင်းလာပါက ဖြစ်ပေါ်လာနိုင်သည့် ငွေကြေးဆိုင်ရာစွန့်စားရမှုများနှင့် အရှုံးပေါ်နိုင်ခြေများအတွက် စိုးရိမ်နေကြသော လက်လီ ရောင်းချသူများ၏ ကနဦးကန့်ကွက်မှုများနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။
အာဏာပိုင် များသည် လောင်စာဆီ ဖြန့်ဖြူးမှု မြန်ဆန်စေရန်အတွက် မြို့ပြဧရိယာအတွင်း နေ့ခင်းဘက် ဆီတင်ကားများသွားလာမှုကို ကန့်သတ် ထားသည့်စည်းကမ်းချက်များကိုလည်း ယာယီဖြေလျှော့ပေးခဲ့သည်။ ထို့အပြင် ဆီလက်ကျန်များပျောက်ကွယ်မသွားစေရန်အတွက် ရေနံချက် စက်ရုံများနှင့် သိုလှောင်ရုံများသည် နေ့စဉ် ပို့ဆောင်မှုပမာဏ၊ လက်ခံရရှိသူနှင့် စျေးနှုန်းများကို ညနေ ၆ နာရီ နောက်ဆုံးထား၍ အစီရင်ခံရမည်ဖြစ်ကြောင်း Chatchai က ပြောကြားခဲ့သည်။ အွန်လိုင်းတွင် ပျံ့နှံ့နေသော ကောလာဟလများအရ နိုင်ငံရေးအရ အဆက်အသွယ်ရှိသည့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်အချို့သည် စျေးနှုန်းတက်လာမည်ကို မျှော်လင့်၍ ဆီများကို သိုလှောင်ထားနိုင်ကြောင်း ဖော်ပြနေကြသည်။
ဒီဇယ်နှင့် ဓာတ်ဆီတို့ကို ထောက်ပံ့ကြေး ဆက်လက်ပေးထားသည့် အစိုးရကမူ လောင်စာဆီရန်ပုံငွေ (Oil Fuel Fund) အနေဖြင့် ကြီးမားသော ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုးကို ဆက်လက်မတောင့်ခံနိုင်တော့ပါက စျေးနှုန်းများကို တဖြည်းဖြည်းချင်း မြှင့်တင်သွားရန်လိုအပ်နိုင်ကြောင်း သတိပေး ထားသည်။
လက်ရှိတွင် တစ်နိုင်ငံလုံးရှိ ဆီသိုလှောင်ရုံ ၅၀ ကျော်နှင့် ဆီဆိုင်ပေါင်း ၁,၅၀ဝ ကျော်ကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်က အန့်သောင် (Ang Thong) ခရိုင်တွင် ကုန်သည်တစ်ဦး၏ ဆီသိုလှောင်ထားမှုကို စုံစမ်းစစ်ဆေးသူများက ဖော်ထုတ်နိုင်ခဲ့သော်လည်းအကြီးအကျယ်သိုလှောင်ထားမှုမျိုးကိုမူ မတွေ့ရှိရသေးကြောင်း Chatchai က အလေးပေးပြောကြားခဲ့သည်။
ပြည်တွင်း လိုအပ်ချက်ကို ဦးစားပေးနိုင်ရန်အတွက် အစိုးရသည် လာအို နှင့် မြန်မာနိုင်ငံသို့ တင်ပို့မှုမှလွဲ၍ ကျန်ရှိသောရေနံတင်ပို့မှုများကို ပိတ်ပင်ထားသည်။ တစ်ဖက်တွင်လည်း Bangchak Corporation သည် အရှေ့အလယ်ပိုင်းတွင် စစ်ပွဲစတင်ဖြစ်ပွားကတည်းက လောင်စာဆီ ဝယ်လိုအား မြင့်တက်လာကြောင်း အစီရင်ခံထားသည်။ ယာယီဥက္ကဋ္ဌ Bundit Hansapaiboon က ကုမ္ပဏီအနေဖြင့် ဘန်ကောက်နှင့် ချွန်ဘူရီရှိ စက်ရုံများတွင် ရေနံချက်လုပ်မှုပမာဏကို ၈ ရာခိုင်နှုန်းနီးပါး တိုးမြှင့်ခဲ့ပြီး တစ်ရက်လျှင် စည်ပေါင်း ၂၇၀,၀၀၀ မှ ၂၉၀,၀၀၀ အထိ တိုးမြှင့်ထုတ်လုပ်နေကြောင်း ပြောကြားခဲ့သည်။
အထူးသဖြင့် တစ်ရက်လျှင် လီတာ ၁၉ သန်းအထိ မြင့်တက်လာသော ဒီဇယ်ဆီ လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် ပို့ဆောင်မှုများကိုလည်း အရှိန်မြှင့်ဆောင်ရွက်နေသည်။ စွမ်းအင်စီးပွားရေးဦးစီးဌာန (DOEB) ၏ သိုလှောင်ရုံများအတွင်း ရောင်းမထွက်ဘဲကျန်ရှိနေသည့် ဆီအဟောင်း များ (Dead stock) ကို ရောင်းချခွင့်ပြုရန် ဆုံးဖြတ်ချက်ကလည်း ဆီဆိုင်များတွင် ကြုံတွေ့နေရသည့်ဖိအားကို ပိုမိုပြေလျော့စေခဲ့သည်။
ကိုးကား- Bangkok Post
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
