အီရန်နှင့် စစ်ပွဲအဆုံးသတ်ရေး JD Vance နှင့် Marco Rubio တို့ အီရန် တာဝန်ရှိသူများနှင့် ဆွေးနွေးမှုများ ပြုလုပ်နေပြီး သဘောတူညီချက်ရရှိရန် နီးစပ်နေဟု သမ္မတထရမ့် ပြောကြား

News Image

  • အီရန်နှင့် စစ်ပွဲအဆုံးသတ်ရေး JD Vance နှင့် Marco Rubio တို့ အီရန် တာဝန်ရှိသူများနှင့် ဆွေးနွေးမှုများ ပြုလုပ်နေပြီး သဘောတူညီချက်ရရှိရန် နီးစပ်နေဟု သမ္မတထရမ့် ပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စစ်ပွဲအဆုံးသတ်ရေး JD Vance နှင့် Marco Rubio တို့ အီရန်တာဝန်ရှိသူများနှင့် ဆွေးနွေးမှုများပြုလုပ်နေပြီး သဘောတူညီချက်တစ်ခုရရှိရန် နီးစပ်နေပြီဖြစ်ကြောင်း အင်္ဂါနေ့ (မတ် ၂၄) တွင် အရိပ်အမြွက် ပြောကြားခဲ့ပြီး အီရန်ဘက်ကလည်း ရေရှည် တည်တံ့ခိုင်မြဲသော အဆိုပြုချက်များကို နားထောင်ရန် အသင့်ရှိကြောင်း CNN သို့ ပြောကြားခဲ့သည်။

ထရမ့်အစိုးရအဖွဲ့သည် ရွေးချယ်စရာလမ်းစများကို တွက်ဆနေစဉ်အတွင်း အမေရိကန်ကြည်းတပ်၏ အမှတ်-၈၂ လေထီးတပ်မမှ စစ်သည် အင်အား ၁,၀၀၀ ခန့်ကို လာမည့်ရက်ပိုင်းအတွင်း အရှေ့အလယ်ပိုင်းသို့ စေလွှတ်ရန် မျှော်လင့်ရကြောင်း သတင်းရင်းမြစ်များက CNN သို့ ပြောကြားခဲ့သည်။

အခြားဆက်စပ် သတင်းခေါင်းကြီးပိုင်းများမှာ-

ဆွေးနွေးညှိနှိုင်းမှုများ

အီရန်ကိုယ်စားလှယ်များအနေဖြင့် အထူးကိုယ်စားလှယ် Steve Witkoff နှင့် သမ္မတ၏ သမက်ဖြစ်သူ Jared Kushner တို့နှင့် ပြန်လည် ဆွေးနွေး လိုခြင်း မရှိဘဲ ဒုတိယသမ္မတ JD Vance နှင့်သာ ဆက်သွယ် ဆောင်ရွက်လိုကြောင်း ထရမ့်အစိုးရအဖွဲ့ထံ အကြောင်းကြားထားသည်ဟု ဒေသတွင်း သတင်းရင်းမြစ်နှစ်ခုက ဆိုသည်။ သမ္မတထရမ့်က ယနေ့တွင် JD Vance နှင့် နိုင်ငံခြားရေးဝန်ကြီး Marco Rubio တို့သည် အခြားသူများ နှင့်အတူဆွေးနွေးမှုများကို ဦးဆောင်နေကြောင်း ပြောကြားခဲ့ပြီး သဘောတူညီချက်ရရှိရန် နီးစပ်နေပြီဟု ပြောကြားခဲ့သည်။

အရေးပေါ်အခြေအနေ ထုတ်ပြန်ချက်များ 

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာသည် နိုင်ငံ၏ စွမ်းအင်ထောက်ပံ့မှု တည်ငြိမ်ရေးနှင့် ရရှိနိုင်မှုအပေါ် မကြာမီကျရောက်မည့် အန္တရာယ်ရှိနေကြောင်း သတိပေးလျက် အင်္ဂါနေ့ (မတ် ၂၄) တွင် နိုင်ငံလုံးဆိုင်ရာ စွမ်းအင်အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။ တစ်ချိန်တည်း မှာပင် တောင်ကိုရီးယားနိုင်ငံ၌လည်း စွမ်းအင်လိုအပ်ချက် စိုးရိမ်ရမှုများကြောင့် ရေနံဓာတုပစ္စည်းများအတွက် အဓိကကုန်ကြမ်းဖြစ်သော Naphtha တင်ပို့မှုကို ကန့်သတ်ဖွယ်ရှိကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြား ခဲ့သည်။

တိုက်ခိုက်မှုများ တိုးလာခြင်း 

ကူဝိတ်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ လောင်စာဆီကန်တစ်ခုကို ဒရုန်း များဖြင့် တိုက်ခိုက်ခံရသဖြင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း အဆိုပါ နိုင်ငံ ၏ အရပ်ဘက်လေကြောင်းအာဏာပိုင်က ဗုဒ္ဓဟူးနေ့ (မတ် ၂၅) အစောပိုင်းတွင် ပြောကြားခဲ့သည်။ အစ္စရေးအလယ်ပိုင်းရှိ မြို့တစ်မြို့သို့ အီရန်၏ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် ကလေးငယ် ၆ ဦးအပါအဝင် အနည်းဆုံး လူ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့များက အင်္ဂါနေ့ (မတ် ၂၄) တွင် သတင်းထုတ်ပြန်ခဲ့သည်။ အီရန်မြို့တော် တီဟီရန်ရှိ လူနေရပ်ကွက်တစ်ခုတွင်လည်း လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ အဆောက်အအုံများ ပျက်စီးနေသည့် ရုပ်သံမှတ်တမ်းများကို တွေ့ရှိရသည်။

ဆုံးဖြတ်ချက်ကို ပယ်ချခြင်း 

နောင်တွင် အီရန်အပေါ် စစ်ရေးအရ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရာ၌ လွှတ်တော်၏ ခွင့်ပြုချက်ရယူရန် ထရမ့်ကို တောင်းဆိုသည့် ဆုံးဖြတ်ချက်ကို ရီပတ်ဘလစ်ကန်များက ထပ်မံပယ်ချခဲ့သည်။

အစ္စရေးက စစ်အင်အား တိုးမြှင့်ခြင်း 

အစ္စရေးသည် ၎င်းတို့၏ အရန်တပ်ဖွဲ့ဝင် စည်းရုံးနိုင်စွမ်းကို ယခင် ၂၈၀,၀၀၀ မှ ၄၀၀,၀၀၀ အထိ အကြီးအကျယ်တိုးမြှင့်ရန် အတည်ပြု တော့မည် ဖြစ်သည်။ အစ္စရေးကာကွယ်ရေးဝန်ကြီး Israel Katz က လီတာနီမြစ် (Litani River) နှင့် ၎င်း၏ ကျန်ရှိသော တံတားများကို ထိန်းချုပ်နိုင်ရေးအတွက် လက်ဘနွန်ရှိ ဟစ်ဇဘိုလာအဖွဲ့အပေါ် စစ်ဆင်ရေးများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။ လက်ဘနွန် သမ္မတ ဂျိုးဆက်အာအွန်းကမူ လီတာနီမြစ်တစ်လျှောက် အခြေခံအဆောက်အအုံများကို အစ္စရေးက ပစ်မှတ်ထားခြင်းသည် ကျေးရွာများကို ကျန် လက်ဘနွန်ဒေသများမှ အထီးကျန်ဖြစ်စေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဆိုသည်။

လူသားချင်းစာနာမှုဆိုင်ရာ ထိခိုက်မှုများ

CNN ၏ စာရင်းဇယားများအရ ပဋိပက္ခအတွင်း ကလေးငယ် ၃၅၀ နီးပါး သေဆုံးခဲ့ပြီးဖြစ်သည်။ အီရန်အခြေစိုက် လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူများ သတင်းအေဂျင်စီ (HRANA) အရ အီရန်တွင် ကလေး ၂၀၀ ကျော်နှင့် လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနအရ လက်ဘနွန်တွင် ၁၀၀ ကျော် သေဆုံးခဲ့သည်။

အီရန် လုံခြုံရေးအကြီးအကဲ

ပြီးခဲ့သည့်သီတင်းပတ်က အစ္စရေး၏ တိုက်ခိုက်မှုကြောင့် Ali Larijani သေဆုံးပြီးနောက် အီရန်သည် အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) မှ ဝါရင့်အရာရှိ Mohammad Bagher Zolqadr ကို အမျိုးသားလုံခြုံရေးအကြီးအကဲအဖြစ် ခန့်အပ်ခဲ့သည်။ ယခုကဲ့သို့ Zolqadr ကို ရာထူး တိုးမြှင့်ခြင်းသည် အီရန်ခေါင်းဆောင်သစ်က အာဏာကို ပိုမို တင်းကျပ်စွာ ကိုင်တွယ်လာသည့် လက္ခဏာဖြစ်ကြောင်း လေ့လာသူများက ဆိုသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး -၂