အီရန် စစ်တပ်က အမေရိကန်သည် ၎င်းတို့အချင်းချင်းသာ ဆွေးနွေးနေခြင်းဖြစ်နိုင်ကြောင်း လှောင်ပြောင်ပြောဆို

News Image

  • အီရန်စစ်တပ်က အမေရိကန်သည် ၎င်းတို့အချင်းချင်းသာ ဆွေးနွေးနေခြင်း ဖြစ်နိုင်ကြောင်း လှောင်ပြောင်ပြောဆို

အိမ်ဖြူတော်က စစ်ပွဲအဆုံးသတ်ရန် တီဟီရန်နှင့် ဆွေးနွေးမှုများပြုလုပ်နေသည်ဟု ပြောဆိုနေချိန်တွင် အမေရိကန်သည် ၎င်းတို့ အချင်းချင်းသာ ဆွေးနွေးနေခြင်းဖြစ်နိုင်ကြောင်း အီရန်စစ်တပ်က အရိပ်အမြွက် ပြောကြားလိုက်သည်။ ဗုဒ္ဓဟူးနေ့ (မတ် ၂၅) က နိုင်ငံပိုင် ရုပ်သံမှ ထုတ်လွှင့်ခဲ့သော သတင်းစကားတွင် အီရန်စစ်တပ် ပြောရေးဆိုခွင့်ရှိသူ Ebrahim Zolfaqari က အမေရိကန်ခေါင်းဆောင်ပိုင်းကို လှောင်ပြောင်ပြောဆိုခဲ့ပြီး "မင်းတို့ရဲ့ ကတိကဝတ်တွေပေးသည့်ခေတ် ကုန်ဆုံးသွားပြီ" ဟု ဆိုခဲ့သည်။

အီရန်လက်နက်ကိုင်တပ်ဖွဲ့များ၏ ပေါင်းစပ်ကွပ်ကဲမှုဌာနချုပ်ဖြစ်သော Khatam al-Anbiya ဗဟိုဌာနချုပ်၏ ပြောရေးဆိုခွင့်ရှိသူ Zolfaqari က “မင်းတို့ရဲ့ ပြည်တွင်းပဋိပက္ခတွေက မင်းတို့ကိုယ်တိုင်နှင့် မင်းတို့ပြန်ပြီး ဆွေးနွေးရသည့်အဆင့်အထိတောင် ရောက်နေပြီလား” ဟု မေးခွန်းထုတ် ခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က သဘောတူညီချက်ရရှိရန် နီးစပ်နေပြီဟု ထုတ်ဖော်ပြောဆိုထားပြီး ဒုတိယသမ္မတ JD Vance နှင့် နိုင်ငံခြားရေးဝန်ကြီး Marco Rubio တို့သည် လက်ရှိတွင် ညှိနှိုင်းမှုများပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။ သို့သော် တီဟီရန်ဘက်ကမူဆွေးနွေးမှုများရှိနေကြောင်း အတည်ပြုခြင်းမရှိသေးဘဲ ကြားခံများမှတစ်ဆင့် သတင်းစကားများပေးပို့ခြင်းသာ ရှိသည်ဟု ပြောဆိုထားသည်။

Zolfaqari က “မင်းတို့ တစ်ချိန်ကကြွားဝါခဲ့သည့် မဟာဗျူဟာမြောက်အင်အားဟာ အခုတော့ မဟာဗျူဟာမြောက် ရှုံးနိမ့်မှုအဖြစ်ပြောင်းလဲ သွားပြီ” ဟု ပြောကြားခဲ့သည်။ ထို့အပြင် အမေရိကန် ခေါင်းဆောင်များ၏ စိတ်ထဲမှ အီရန်ကို တိုက်ခိုက်မည်ဆိုသည့် အတွေးကို ဖျောက်ဖျက်မပစ်မချင်း စွမ်းအင်နှင့်ရေနံစျေးနှုန်းများသည် ယခင်အခြေအနေသို့ ပြန်လည်ရောက်ရှိမည်မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။ ထရမ့် က ဆွေးနွေးပွဲဖြစ်လာနိုင်ခြေကို မြှင့်တင်လိုက်ပြီးနောက် ယခုသီတင်းပတ်တွင် ရေနံစျေးနှုန်းများ အနည်းငယ်ကျဆင်းသွားသော်လည်း စစ်ပွဲမတိုင်မီကထက် များစွာမြင့်မားနေဆဲဖြစ်သည်။

နျူကလီးယား လက်နက်ထုတ်လုပ်မည့် အစီအစဉ်မှန်သမျှကို စွန့်လွှတ်ရန်အပါအဝင် အမေရိကန်၏ ငြိမ်းချမ်းရေးဆိုင်ရာသတ်မှတ်ချက် (၁၅) ချက်ပါဝင်သော စာရင်းကို တီဟီရန်သို့ ပေးအပ်ထားကြောင်း ထရမ့်က တနင်္လာနေ့ (မတ် ၂၃) တွင် ပြောကြားခဲ့သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး -၂