ဆိုမာလီယာအစိုးရက ဒေသတွင်းအစိုးရတစ်ရပ်ကို 'တရားမဝင်တော့ကြောင်း' ကြေညာချက်ထုတ်ပြန်
ဆိုမာလီယာဖက်ဒရယ်အစိုးရသည် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့နှင့် ဖြစ်ပွားနေသော နိုင်ငံရေးအငြင်းပွားမှုများ ပြင်းထန်လာချိန်တွင် South West State ဒေသကြီး၏ ခေါင်းဆောင်မှုသက်တမ်း ကုန်ဆုံးသွားပြီ ဖြစ်ကြောင်း ကြေညာလိုက်သည်။
အင်္ဂါနေ့ (မတ် ၂၄) က ထုတ်ပြန်ခဲ့သည့် ပြည်ထဲရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်တွင် သမ္မတ Abdiaziz Hassan Mohamed (ခေါ်) Laftagareen ကို South West State ၏ ခေါင်းဆောင်အဖြစ် ဆက်လက် အသိအမှတ်မပြုတော့ကြောင်းနှင့် ၎င်း၏ အုပ်ချုပ်ရေးအဖွဲ့မှ ထုတ်ပြန် သော ဆုံးဖြတ်ချက်အားလုံးသည်လည်း "တရားမဝင်တော့ကြောင်း" ဖော်ပြထားသည်။
ထို့အပြင် ဖက်ဒရယ်အေဂျင်စီများအနေဖြင့် အဆိုပါဒေသန္တရအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် ဝန်ကြီးဌာနကအမိန့်ပေးခဲ့ပြီး "ရွေးကောက်ပွဲများကျင်းပရန်နှင့် စနစ်တကျအုပ်ချုပ်နိုင်ရန်အတွက် South West State အုပ်ချုပ်ရေးအဖွဲ့သစ်ဖွဲ့စည်းနိုင်ရေးကို ကူညီဆောင်ရွက်ပေးမည့် ကော်မတီတစ်ရပ်ကို ခန့်အပ်သွားမည်" ဟု ပြောကြားခဲ့သည်။
ဖက်ဒရယ်အဆင့်တွင် အတည်ပြုခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်များကို South West State က ငြင်းပယ်ခဲ့ပြီးနောက် မကြာသေးမီသီတင်းပတ်များအတွင်း တင်းမာမှုများ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ဖက်ဒရယ်တာဝန်ရှိသူများက အဆိုပါအပြောင်းအလဲများသည် ဆိုမာလီယာ၏ အုပ်ချုပ်ရေးစနစ်ပြုပြင်ပြောင်းလဲမှုအစိတ်အပိုင်းများ ဖြစ်သည်ဟု ဆိုသော်လည်း South West State ခေါင်းဆောင်များကမူ ယင်းပြင်ဆင်ချက်များသည် လုံလောက်သော တိုင်ပင်ဆွေးနွေးမှုမရှိဘဲ အတည်ပြုခဲ့ခြင်းဖြစ်ပြီး ဖက်ဒရယ်ပြည်နယ်များ၏ လုပ်ပိုင်ခွင့်ကို အားနည်းစေသည်ဟုဆိုကာ ကန့်ကွက်ခဲ့ကြသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
