လေဆိပ်အချို့တွင် တန်းစီစောင့်ဆိုင်းနေသူများပြားလွန်းသဖြင့် စောင့်ဆိုင်းချိန် ပြသသည့်စနစ်များ ပိတ်သိမ်းထားရ

News Image

  • လေဆိပ်အချို့တွင် တန်းစီစောင့်ဆိုင်းနေသူများပြားလွန်းသဖြင့် စောင့်ဆိုင်းချိန် ပြသသည့်စနစ်များ ပိတ်သိမ်းထားရ

အမေရိကန်ရှိ အဓိကလေဆိပ်ကြီးအချို့တွင် ခရီးသည်များနာရီနှင့်ချီ၍ တန်းစီစောင့်ဆိုင်းနေရသဖြင့် လေဆိပ်အာဏာပိုင်များက ခန့်မှန်း စောင့်ဆိုင်းချိန်ပြသသည့်စနစ် (Wait Time Trackers) များကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ကြသည်။ အဆိုပါစနစ်များသည် လက်ရှိဖြစ်ပေါ်နေသော များပြားလွန်းသည့်ခရီးသည်များကို တိကျစွာတွက်ချက်နိုင်စွမ်း မရှိတော့ခြင်းကြောင့် ခရီးသည်များကို အထင်အမြင်လွဲမှားစေနိုင်သည့်အတွက် ယခုကဲ့သို့ ပိတ်သိမ်းရခြင်း ဖြစ်သည်။

အတ္တလန္တာမြို့ရှိ Hartsfield-Jackson နိုင်ငံတကာလေဆိပ်၏ အထွေထွေ မန်နေဂျာ Ricky Smith က ၎င်းတို့အသုံးပြုနေသည့် နည်းပညာသည် လုံခြုံရေးစစ်ဆေးရေးဂိတ်အတွင်းရှိ လှုပ်ရှားမှုများကိုသာ တိုင်းတာနိုင်ခြင်းဖြစ်သော်လည်း လက်ရှိတွင် လူတန်းကြီးများမှာ စစ်ဆေးရေးဂိတ် အပြင်ဘက်အထိ ရှည်လျားနေကြောင်း CNN သို့ ပြောကြားခဲ့သည်။ ထို့ကြောင့် ခရီးသည်များအနေဖြင့် တန်းစီချိန်တစ်ခုလုံးကို တိုင်းတာပေး နေသည်ဟု အထင်မှားကာ လွဲမှားသော ခန့်မှန်းချက်များရရှိနေခြင်းကို ကာကွယ်ရန်အတွက် အဆိုပါပြသမှုကို ဖယ်ရှားလိုက်ခြင်းဖြစ်သည်။

အလားတူပင် နယူးယောက်ရှိ LaGuardia၊ John F. Kennedy နှင့် နယူး ဂျာစီရှိ Newark Liberty နိုင်ငံတကာလေဆိပ်များတွင်လည်း စောင့်ဆိုင်းချိန်ပြသမှုကို ရပ်ဆိုင်းထားသည်။ နယူးယောက်နှင့် နယူးဂျာစီ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ (Port Authority) ၏ ထုတ်ပြန်ချက်အရ လက်ရှိအသုံးပြုနေသော နည်းပညာများသည် ခရီးသည်များက သတ်မှတ်ထားသော တန်းစီနယ်မြေအတွင်း ရှိနေချိန်တွင်သာ တိကျသောခန့်မှန်းချက်များကို ပေးစွမ်းနိုင်ကြောင်း သိရှိရသည်။

လေဆိပ်အဆောက်အအုံများသည် မကြာသေးမီ သီတင်းပတ်များအတွင်း ကြုံတွေ့နေရသည့် အလွန်အမင်း များပြားလှသော လူအုပ်ကြီးကို လက်ခံ နိုင်ရန် ဒီဇိုင်းထုတ်ထားခြင်းမရှိသဖြင့် ယခုကဲ့သို့ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂