အီရန်စစ်ပွဲသည် မတရားဟုဆိုကာ အမေရိကန်လေယာဉ်များ စပိန် လေပိုင်နက်နှင့် အခြေစိုက်စခန်းများအသုံးပြုမှုကို ပိတ်ပင်ကြောင်း စပိန် ကာကွယ်ရေးဝန်ကြီး ပြောကြား

News Image

  • အီရန်စစ်ပွဲသည် မတရားဟုဆိုကာ အမေရိကန်လေယာဉ်များ စပိန် လေပိုင်နက်နှင့် အခြေစိုက်စခန်းများအသုံးပြုမှုကို ပိတ်ပင်ကြောင်း စပိန် ကာကွယ်ရေးဝန်ကြီး ပြောကြား

အမေရိကန်နှင့်အစ္စရေးတို့၏ အီရန်နိုင်ငံအတွင်း ပူးပေါင်းထိုးစစ်ဆင်မှုသည် လွန်စွာမတရားသော သဘောသဘာဝရှိသည်ဟု ယုံကြည်သည့် အတွက် ယင်းလှုပ်ရှားမှုများနှင့်ပတ်သက်၍ စပိန်နိုင်ငံရှိ စစ်အခြေစိုက်စခန်းများ သို့မဟုတ် လေပိုင်နက်ကို အသုံးပြုခွင့်ပေးခဲ့ခြင်းမရှိသကဲ့သို့ နောင်တွင်လည်း ခွင့်ပြုမည်မဟုတ်ကြောင်း စပိန်ကာကွယ်ရေးဝန်ကြီး က တနင်္လာနေ့ (မတ် ၃၀) တွင် ပြောကြားခဲ့သည်။

စပိန်တောင်ပိုင်း အန်ဒါလူစီယာ (Andalusia) ပြည်နယ်ရှိ စစ်အခြေစိုက်စခန်းများကို ရည်ညွှန်းကာ “အီရန်စစ်ပွဲနှင့် ပတ်သက်သည့် ဘယ်လို လှုပ်ရှားမှုမျိုးအတွက်မဆို မိုရွန် (Morón) နှင့် ရိုတာ (Rota) အခြေစိုက်စခန်းတွေကို အသုံးပြုခွင့်ပေးမှာမဟုတ်ကြောင်း ကျွန်မတို့ အစကတည်းက ပြောခဲ့ပြီးသားပါ” ဟု မာဂရီတာ ရိုဘတ်စ် (Margarita Robles) က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

၎င်းက ဆက်လက်၍ “စပိန်အနေနှင့် ယခင်ကလည်း အသုံးမပြုခဲ့ဘူး၊ ယခုလည်း အသုံးမပြုသလို အလွန်တရာ မတရားဘူးလို့ ကျွန်မတို့ ယူဆသည့် စစ်ပွဲတစ်ခုအတွက် မိုရွန်နှင့် ရိုတာ အခြေစိုက်စခန်းတွေကို နောင်မှာလည်း အသုံးပြုခွင့်ပေးမှာ မဟုတ်ပါဘူး” ဟု အခိုင်အမာ အတည်ပြုပြောဆိုခဲ့သည်။

ဖေဖော်ဝါရီ ၂၈ ရက်တွင် ပဋိပက္ခများစတင်ခဲ့ပြီးနောက်ပိုင်း စပိန်နိုင်ငံသည် အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်နိုင်ငံအတွင်း ပူးပေါင်း စစ်ဆင်ရေးကို ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့သည့် နိုင်ငံဖြစ်သည်။ စပိန် အစိုးရသည် အမေရိကန်၏ အခြေစိုက်စခန်း အသုံးပြုခွင့်တောင်းခံမှုများကို အကြိမ်ကြိမ် ငြင်းပယ်ခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုတို့ကိုလည်း အစဉ်တစိုက် ဝေဖန်ခဲ့သည်။

ယခင်က သမ္မတထရမ့်သည် စပိန်၏ ရပ်တည်ချက်အပေါ် မကျေမနပ်ဖြစ်ကာ တုံ့ပြန်ခဲ့ဖူးပြီး စပိန် ခေါင်းဆောင်ပိုင်းကို လှောင်ပြောင်ခဲ့သည့် အပြင် နေတိုး (NATO) မဟာမိတ်ဖြစ်သည့် စပိန်နှင့် ကုန်သွယ်ရေးအားလုံး ဖြတ်တောက်ရန်အထိ ဖိအားပေးပြောဆိုခဲ့ဖူးသည်။

ကိုးကား- CNN

Photo: Reuters

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂