ထိုင်းနိုင်ငံ၏ လျှပ်စစ်ကား (EV) အရှိန်အဟုန်ကိုမြှင့်တင်ရန် လုပ်ငန်းသုံးကားများကို ရွေးချယ်အသုံးပြုမည်

News Image

  • ထိုင်းနိုင်ငံ၏ လျှပ်စစ်ကား (EV) အရှိန်အဟုန်ကို မြှင့်တင်ရန် လုပ်ငန်းသုံးကားများကို ရွေးချယ်အသုံးပြုမည်

ထိုင်းနိုင်ငံ၏ ဘက်ထရီလျှပ်စစ်ကား (BEV) ဈေးကွက်သည် ယခုနှစ်အတွင်း သိသာထင်ရှားသော အရှိန်အဟုန်တစ်ခုရရှိလာမည်ဟု မျှော်လင့်ရပြီး ဆီဈေးနှုန်းများ အဆမတန်မြင့်တက်လာမှုကြောင့် အရောင်းပမာဏမှာ အစီးရေ ၁၂၀,၀၀၀ ကျော်အထိ ရှိလာနိုင်ကြောင်း ထိုင်းလျှပ်စစ်ကားအသင်း (EVAT) က ပြောကြားခဲ့သည်။

အရှေ့အလယ်ပိုင်း ပဋိပက္ခများပိုမိုတင်းမာလာပြီးနောက် မတ်လ ၂၅ ရက်နေ့တွင် ပြည်တွင်းဆီဈေးနှုန်းများသည် တစ်လီတာလျှင် ၆ ဘတ်ခန့် အထိ ရုတ်တရက် မြင့်တက်သွားခဲ့သည်။ ပြည်တွင်းလောင်စာဆီဈေးနှုန်းများသည် မတည်မငြိမ်ဖြစ်နေဆဲဖြစ်ပြီး ပိုမိုမြင့်တက်လာနိုင်ကြောင်း EVAT ၏ ဥက္ကဋ္ဌဖြစ်သူ Suroj Sangsanit က ဆိုသည်။ "ကိုယ်ပိုင် BEV ကားတွေနဲ့ ကုန်တင်ကား၊ ဗန်ကား၊ ပစ်ကပ်ကားတွေလိုမျိုး လုပ်ငန်းသုံး လျှပ်စစ်ကားတွေဟာ ဒီနှစ်ရဲ့တိုးတက်မှုကို တွန်းအားပေးမယ့် အဓိကအချက်တွေ ဖြစ်လာပါလိမ့်မယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

EVAT သည် မတ်လ ၂၅ ရက်မှ ဧပြီလ ၅ ရက်နေ့အထိ ကျင်းပမည့် (၄၇) ကြိမ်မြောက် ဘန်ကောက်နိုင်ငံတကာ မော်တော်ကားပြပွဲတွင် သုံးစွဲသူများ၏ စိတ်ဝင်စားမှုကို စောင့်ကြည့်လျက်ရှိသည်။ ထိုင်းစက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ အဆိုအရ ပြီးခဲ့သည့်နှစ်တွင် ပြည်တွင်း BEV အရောင်းပမာဏသည် ၈၀% အထိ မြင့်တက်ခဲ့ပြီး အစီးရေ ၁၂၀,၃၀၁ ရှိခဲ့သည်။

ဆီဈေးနှုန်းမြင့်တက်မှုသည် လောင်စာဆီသုံး (ICE) ကားများဝယ်ယူမှုကို လျော့နည်းစေနိုင်သော်လည်း ထိုင်းသုံးစွဲသူများတွင် ဆီကို ဆက်လက် အားကိုးနေရဆဲဖြစ်သည့် Hybrid နှင့် Plug-in Hybrid ကားများကဲ့သို့ ရွေးချယ်စရာများရှိနေသောကြောင့် BEV သို့ ကူးပြောင်းမှုမှာ “သိသိသာသာ ကြီးမားချင်မှ ကြီးမားလိမ့်မည်” ဟု Mercedes-Benz Thailand ၏ အမှုဆောင်အရာရှိချုပ် Christian Schell က သတိပေး ပြောကြားထားသည်။

တရုတ် BEV အမှတ်တံဆိပ်များသည် ထိုင်းအစိုးရ၏ အခွန်လျှော့ပေါ့မှုနှင့် ထောက်ပံ့ကြေးများပေးသည့် EV 3.0 နှင့် EV 3.5 စီမံချက်များကြောင့် ထိုင်းဈေးကွက်အတွင်းသို့ အပြင်းအထန် တိုးချဲ့ဝင်ရောက်လာနေကြသည်။ ထောက်ပံ့ပို့ဆောင်ရေး (Logistics) ကုမ္ပဏီများ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်များနှင့် အစိုးရဌာနများက လောင်စာဆီစရိတ်လျှော့ချရန် ကြိုးပမ်းလာကြသောကြောင့် ၂၀၂၆ ခုနှစ်သည် လုပ်ငန်းသုံး BEV များ အတွက် အောင်မြင်မှုအရှိဆုံးနှစ် ဖြစ်လာမည်ဟု EVAT က ယုံကြည်ထားသည်။

ဘိလပ်မြေနှင့် လူသုံးကုန်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းများကဲ့သို့သော လုပ်ငန်းအချို့သည် ဒီဇယ်ကားများမှ လျှပ်စစ်ကားအုပ်စုသို့ ပြောင်းလဲရန်စတင်လေ့လာနေကြပြီဖြစ်သည်။ Dongfeng အမှတ်တံဆိပ် အောက်တွင် EV များ ဖြန့်ဖြူးရောင်းချသည့် China Trucks (Thailand) Co ၏ အမှုဆောင်အရာရှိချုပ် Chen Bing က ၎င်းတို့၏ အကြီးစား ထရပ်ကားဖြစ်သော Tractor Head KL6x4 ကို မိတ်ဆက်လိုက်ပြီး ထိုင်းနိုင်ငံ၏ လုပ်ငန်းသုံး EV ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်လာကြောင်း ကြေညာခဲ့သည်။ Dongfeng သည် ယခုနှစ်တွင် အစီးရေ ၁၀၀ ရောင်းချရန် စီစဉ်ထားပြီး လာမည့်နှစ်တွင် အစီးရေ ၃၀၀ အထိ တိုးမြှင့်ရောင်းချရန် ရည်မှန်းထားသည်။

ကုမ္ပဏီအနေဖြင့် ထိုင်းနိုင်ငံတွင် ထုတ်လုပ်ရေးစက်ရုံတည်ဆောက်ရန်နှင့် EV ထရပ်ကား အားသွင်းစခန်းများတွင် ရင်းနှီးမြှုပ်နှံရန် စဉ်းစားနေ သကဲ့သို့ ဖက်စပ်လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ပြည်တွင်းလုပ်ဖော်ကိုင်ဖက်များကိုလည်း ရှာဖွေနေကြောင်း Mr. Chen က ဆိုသည်။

လက်ရှိတွင် အကြီးစားထရပ်ကား အစီးရေ ၂၀၀ ဝယ်ယူရန် စဉ်းစားနေသည့် Siam City Cement Plc နှင့် ညှိနှိုင်းမှုများ ပြုလုပ်နေသည်။ ယာဉ်မောင်းများသည် အပြီးသတ်ဆုံးဖြတ်ချက်မချမီ Dongfeng ၏ ကားများကို သုံးလကြာ စမ်းသပ်မောင်းနှင်နေကြသည်။

"ထိုင်းနိုင်ငံဟာ အစိုးရရဲ့ ကာဗွန်ကင်းစင်ရေး (Carbon Neutrality) မူဝါဒရဲ့ ပံ့ပိုးမှုကြောင့် အရှေ့တောင်အာရှမှာ တရုတ် BEV တွေအတွက် အဓိကဈေးကွက်တစ်ခု ဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။ "ဒီအချက်တွေကြောင့် ထိုင်းနိုင်ငံဟာ စီးပွားရေးချဲ့ထွင်ဖို့ ကြိုးစားနေတဲ့ ရင်းနှီးမြှုပ်နှံသူအသစ်တွေအတွက် အရမ်းကို ဆွဲဆောင်မှုရှိတဲ့ နေရာတစ်ခုဖြစ်နေတာပါပဲ" ဟု ဆိုသည်။

ကိုးကား- Bangkok Post 

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂