အီရန်အပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုကို ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြင်းထန်စွာရှုတ်ချ

News Image

  • အီရန်အပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုကို ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြင်းထန်စွာရှုတ်ချ

အီရန်နိုင်ငံအပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ လုပ်ဆောင်ချက်များသည် "တရားမဝင်ဘဲ အကြောင်းမဲ့ ကျူးကျော်စော်ကားသည့် ရာဇဝတ်မှုမြောက်သော စွန့်စားမှု" ဖြစ်သည်ဟု ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့ (ဧပြီ ၆) တွင် ထုတ်ပြန်ကာ ပြင်းထန်စွာ ရှုတ်ချလိုက်သည်။

အဆိုပါတိုက်ခိုက်မှုများသည် စစ်ဘက်ဆိုင်ရာပစ်မှတ်များကိုသာမက အရပ်ဘက်အခြေခံအဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် ယဉ်ကျေးမှုအမွေအနှစ်နေရာများကိုပါ ထိမှန်ဖျက်ဆီးနေကြောင်း မော်စကိုက ထောက်ပြထားသည်။

အထူးသဖြင့် အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ စောင့်ကြည့်မှုအောက်တွင်ရှိသော ဘူရှာ (Bushehr) နျူကလီးယား ဓာတ်အားပေးစက်ရုံကို အကြိမ်ကြိမ် ပစ်မှတ်ထားတိုက်ခိုက်ခံရခြင်းအပေါ် ရုရှားက အထူးစိုးရိမ်ပူပန်လျက်ရှိသည်။ ယင်းလုပ်ရပ်သည် လူ အသေအပျောက်များစေရုံသာမက ချာနိုဘိုင်းဘေးအန္တရာယ်ထက် ပိုမိုဆိုးရွားသော ရေဒီယိုသတ္တိကြွမှုဆိုင်ရာ ကပ်ဘေးကြီးတစ်ခု ဖြစ်ပွားလာနိုင်သည့် အန္တရာယ် ရှိနေကြောင်း သတိပေးထားသည်။ 

ထို့ပြင် သံတမန်ရေးရာနှင့် ကောင်စစ်ဝန်ရုံးများကို တိုက်ခိုက်ခြင်းသည် ဗီယင်နာကွန်ဗင်းရှင်းကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ပြီး လက်ရှိတွင် အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် ထောင်နှင့်ချီသော အရပ်သားများ သေဆုံးနေပြီဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါပဋိပက္ခကြောင့် ကမ္ဘာ့စွမ်းအင်နှင့် စားနပ်ရိက္ခာလုံခြုံရေးတွင် ကြီးမားသော အနှောင့်အယှက်များ ဖြစ်ပေါ်နေပြီး ပို့ဆောင်ရေးလမ်းကြောင်း များ ပိတ်ဆို့မှုကြောင့် အချို့နိုင်ငံများတွင် လောင်စာဆီခွဲတမ်းစနစ်များ ကျင့်သုံးနေရကာ ငွေကြေးဖောင်းပွမှုဒဏ်ကိုလည်း ရင်ဆိုင်နေရသည်။ 

ထို့ကြောင့် ရုရှားနိုင်ငံအနေဖြင့် တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုထားပြီး ပါကစ္စတန်၊ တူရကီနှင့် တရုတ်နိုင်ငံတို့၏ စေ့စပ် ညှိနှိုင်းရေး ကြိုးပမ်းမှုများကို ကြိုဆိုလျက်ရှိသည်။ သံတမန်ရေးနည်းလမ်းဖြင့်ဖြေရှင်းရန် ဖြစ်နိုင်ခြေရှိနေဆဲဖြစ်ရာ ဒေသတွင်း ပရမ်းပတာ အခြေအနေသို့ မရောက်ရှိစေရန် ဘက်ပေါင်းစုံမှ ထိန်းသိမ်းကြရန် ရုရှားက တိုက်တွန်းထားသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂