အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွင် လက်ဘနွန်နိုင်ငံ မပါဝင်ကြောင်း အစ္စရေး ပြောကြား
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု၏ ရုံးခန်း ထုတ်ပြန်ချက်အရ အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့အကြား သီတင်းနှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးတွင် လက်ဘနွန်နိုင်ငံ မပါဝင်ကြောင်း သိရှိရသည်။
ဗုဒ္ဓဟူးနေ့ (ဧပြီ ၈) က နေတန်ယာဟုရုံးခန်းမှ ထုတ်ပြန်သော ကြေညာချက်တွင် "အီရန်နိုင်ငံအနေဖြင့် ရေလက်ကြားများကို ချက်ချင်းပြန်ဖွင့်ပေးရန်နှင့် အမေရိကန်၊ အစ္စရေးအပြင် ဒေသတွင်း နိုင်ငံများအပေါ် တိုက်ခိုက်မှုအားလုံးကို ရပ်တန့်ရန်ဟူသော သတ်မှတ်ချက်ဖြင့် အီရန်အပေါ် တိုက်ခိုက်မှုများကို သီတင်းနှစ်ပတ်ကြာ ရပ်ဆိုင်းထားမည့် သမ္မတ ထရမ့်၏ ဆုံးဖြတ်ချက်ကို အစ္စရေးက ထောက်ခံသည်" ဟု ဖော်ပြထားသည်။ "အဆိုပါ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးတွင် လက်ဘနွန် မပါဝင်ပါ" ဟုလည်း ဆက်လက်ဖော်ပြထားသည်။
အစ္စရေး၏ ရပ်တည်ချက်သည် အမေရိကန်နှင့် အီရန်အကြား သဘောတူညီချက်ရရှိအောင် ကြားဝင်စေ့စပ်ပေးခဲ့သည့် ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှရစ်ဖ်၏ ပြောကြားချက်နှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။ ပါကစ္စတန်ဝန်ကြီးချုပ်ကမူ ယင်းသဘောတူညီချက်တွင် လက်ဘနွန် ပါဝင်သည်ဟု ဆိုခဲ့သော်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကမူ ၎င်း၏ ထုတ်ပြန်ချက်တွင် လက်ဘနွန်အကြောင်း ထည့်သွင်း ပြောကြားခဲ့ခြင်း မရှိပေ။
နေတန်ယာဟုရုံးခန်း၏ ကြေညာချက်သည် အပစ်အခတ်ရပ်စဲရေးကြေညာပြီးနောက်ပိုင်း အစ္စရေးခေါင်းဆောင်ထံမှ ပထမဆုံး ထွက်ပေါ် လာသည့် မှတ်ချက်ဖြစ်သည်။
အစ္စရေးသည် အမေရိကန်နှင့်အတူ အီရန်ကို စစ်မက်ပြုနေသည့်အပြင် မတ်လအစောပိုင်းကတည်းက လက်ဘနွန်တောင်ပိုင်းတွင် အီရန် ကျောထောက် နောက်ခံပြု ဟစ်ဇဘိုလာ လက်နက်ကိုင်များကို ပစ်မှတ်ထားကာ အကြီးစား စစ်ဆင်ရေးတစ်ခုဆင်နွှဲနေခဲ့သည်။ မတ်လ ၂ ရက်နေ့မှစ၍ လက်ဘနွန် တွင် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ကလေးငယ် ၁၃၀ အပါအဝင် အနည်းဆုံး လူပေါင်း ၁,၅၃၀ သေဆုံးခဲ့ကြောင်း လက်ဘနွန် ကျန်းမာရေး ဝန်ကြီးဌာနက အင်္ဂါနေ့ (ဧပြီ ၇) တွင် ပြောကြားခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

,
,