အီရန်နှင့် အမေရိကန်တို့၏ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် အစ္စရေး နိုင်ငံရေးလောကတွင် ဝေဖန်မှုများ မြင့်တက်နေ

News Image

  • အီရန်နှင့် အမေရိကန်တို့၏ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် အစ္စရေး နိုင်ငံရေးလောကတွင် ဝေဖန်မှုများ မြင့်တက်နေ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် အီရန်အစိုးရတို့အကြားရရှိခဲ့သည့် သီတင်းနှစ်ပတ်ကြာ စစ်ပွဲရပ်နားရေး သဘောတူညီချက်အပေါ် အစ္စရေး လွှတ်တော်အမတ်များနှင့် အတိုက်အခံခေါင်းဆောင်များက နိုင်ငံရေး ကပ်ဘေးနှင့် မဟာဗျူဟာမြောက်ရှုံးနိမ့်မှုအဖြစ် ပြင်းပြင်းထန်ထန် ဝေဖန်နေကြသည်။ 

အဆိုပါ သဘောတူညီချက်သည် အီရန်ဘက်မှတင်ပြထားသည့် အချက် ၁၀ ချက်အပေါ် အခြေခံထားပြီး ယင်းတွင် ဟော်မုဇ်ရေလက်ကြားအား အီရန်က ဆက်လက်ထိန်းချုပ်ခွင့်ရရေး၊ ယူရေနီယံသန့်စင်မှုကို လက်ခံရေးနှင့် ပိတ်ဆို့မှုများရုပ်သိမ်းရေးတို့ ပါဝင်နေသည့်အတွက် အစ္စရေး၏ လုံခြုံရေးကို ထိခိုက်စေနိုင်ကြောင်း ၎င်းတို့က ထောက်ပြကြသည်။

အစ္စရေး အတိုက်အခံခေါင်းဆောင် ယေယာ လာပစ်ဒ် က အမျိုးသားလုံခြုံရေးနှင့်ပတ်သက်သည့် အရေးကြီးသောဆုံးဖြတ်ချက်များ ချမှတ် ရာတွင် အစ္စရေးကို ချန်လှပ်ထားခဲ့သည့်အတွက် ဝန်ကြီးချုပ် နေတန်ယာဟု ကို ပြစ်တင်ဝေဖန်ခဲ့သည်။ အလားတူ အခြားထင်ရှားသော နိုင်ငံရေး သမားများဖြစ်သည့် ယေယာ ဂိုလန် နှင့် အဗီဂဒေါ လီဘာမန် တို့ ကလည်း အဆိုပါသဘောတူညီချက်ကြောင့် အီရန် သည် ယခင်ကထက် ပိုမို အင်အား တောင့်တင်းလာပြီး နောက်ထပ်စစ်ပွဲကြီးတစ်ခုဆီသို့သာ ဦးတည်သွားလိမ့်မည်ဟု သတိပေးခဲ့ကြသည်။

သို့သော်လည်း ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု၏ရုံးကမူ ထရမ့်၏ ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း ထုတ်ပြန်ခဲ့သည်။ တစ်ဖက်တွင်လည်းအစ္စရေးအနေဖြင့် လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြုဟစ်ဇဘိုလာ အဖွဲ့အား စစ်ရေးအရ ဆက်လက်နှိမ်နင်းသွားမည်ဖြစ်ကြောင်း အခိုင်အမာ ပြောကြားထားသည်။ 

ပြီးခဲ့သည့် ဖေဖော်ဝါရီလကစတင်ခဲ့သည့် အမေရိကန်-အစ္စရေးနှင့် အီရန် တို့အကြား စစ်မီးသည် ကမ္ဘာ့စွမ်းအင်ကဏ္ဍတွင် ကြီးမားသော အနှောင့်အယှက်များ ဖြစ်ပေါ်စေခဲ့ပြီးနောက် ယခုကဲ့သို့ အပစ်အခတ်ရပ်စဲရေး အခြေအနေတစ်ရပ် ပေါ်ပေါက်လာခြင်းဖြစ်သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး