အီသီယိုးပီးယားနိုင်ငံသားများအပေါ် ပေးထားသော အကာအကွယ်များကို ရုပ်သိမ်းရန် ထရမ့်၏ ကြိုးပမ်းမှုကို တရားရုံးက တားမြစ်ပိတ်ပင်

News Image

  • အီသီယိုးပီးယားနိုင်ငံသားများအပေါ် ပေးထားသော အကာအကွယ် များ ကို ရုပ်သိမ်းရန် ထရမ့်၏ ကြိုးပမ်းမှုကို တရားရုံးက တားမြစ်ပိတ်ပင်

၂၀၂၂ ခုနှစ်ကတည်းက အမေရိကန်တွင် အီသီယိုးပီးယားနိုင်ငံသား ၅,၀၀၀ ကျော်ကို နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့်ပေးထားသည့် ယာယီ နေထိုင်ခွင့် (TPS) အစီအစဉ်ကို ရပ်ဆိုင်းရန် ကြိုးပမ်းနေသည့် သမ္မတ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်ကို အမေရိကန် ဖက်ဒရယ်တရားသူကြီးတစ်ဦးက တားမြစ်ပိတ်ပင်လိုက်သည်။

အမေရိကန် ပြည်ထဲရေးဝန်ကြီးဌာန (DHS) က အီသီယိုးပီးယားနိုင်ငံ၏ အခြေအနေများသည် TPS ပေးထားရန် မလိုအပ်တော့ကြောင်း အကြောင်း ပြကာ ယင်းအစီအစဉ်ကို ဖျက်သိမ်းမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာလ တွင် ကြေညာခဲ့သည်။ အဆိုပါ အကာအကွယ်ပေးမှုများသည် ဖေဖော်ဝါရီ၁၃ ရက်နေ့တွင် သက်တမ်းကုန်ဆုံးရန် သတ်မှတ်ထားသော်လည်း ဘော့စတွန်မြို့ရှိ ခရိုင်တရားသူကြီး Brian Murphy က သတ်မှတ်ရက် မတိုင်မီ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ယင်းအစီအစဉ်ကို ယာယီ ရပ်တန့် ထားရန် အမိန့်ထုတ်ပြန်ခဲ့သည်။

ဗုဒ္ဓဟူးနေ့ (ဧပြီ ၈) က ထွက်ပေါ်လာသော နောက်ဆုံးစီရင်ချက်တွင် တရားသူကြီး Murphy က ဝါရှင်တန်အစိုးရအဖွဲ့သည် လွှတ်တော်က သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများကို လျစ်လျူရှု၍ လုပ်ဆောင် ခဲ့ကြောင်းနှင့် ယင်းဆုံးဖြတ်ချက်သည် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ကာ အပေါ်ယံအကြောင်းပြချက်များအပေါ်တွင်သာ အခြေခံထားကြောင်း ကောက်ချက်ချခဲ့သည်။

ယခုအမှုအား အီသီယိုးပီးယားနိုင်ငံသားသုံးဦးနှင့် African Communities Together အမည်ရှိ လူမှုရေးအဖွဲ့အစည်းတစ်ခုတို့က တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ မတ်လအတွင်းကလည်း တရားရုံးသည် နှစ်ဖက် လျှောက်လဲချက် များကို ကြားနာပြီးနောက် အကာအကွယ်ပေးမှုများကို ဆက်လက် ထားရှိရန် ယာယီအမိန့်အား သက်တမ်းတိုးပေးခဲ့သည်။ 

အစိုးရ၏ လုပ်ဆောင်ချက်ကို ကန့်ကွက်သူများက အီသီယိုးပီးယား နိုင်ငံ၏ အချို့ဒေသများတွင် အကြမ်းဖက်မှုများနှင့် မတည်ငြိမ်မှုများ ဆက်လက်ဖြစ်ပွားနေသော်လည်း အစီအစဉ်ကို ဖျက်သိမ်းခြင်းမှာ ဥပဒေနှင့်မညီကြောင်း ထောက်ပြခဲ့ကြသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး