ဖလော်ရီဒါ လူသတ်မှု ဗီဒီယိုကို ထရမ့် ထုတ်ပြန်ခဲ့ပြီး ဘိုင်ဒင်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒကို ပြင်းထန်စွာ ဝေဖန်
ယခုလအစောပိုင်းက ဖလော်ရီဒါပြည်နယ်ရှိ ဓာတ်ဆီဆိုင်တစ်ခုတွင် အမျိုးသမီးတစ်ဦးအား သေသည်အထိ ရက်ရက်စက်စက် ရိုက်နှက်နေသည့် တုန်လှုပ်ချောက်ချားဖွယ် ရုပ်သံဖိုင်ကို သမ္မတ ဒေါ်နယ်ထရမ့် က လူမှုကွန်ရက်တွင် ထုတ်ပြန်လိုက်ပြီး ယင်းဖြစ်ရပ်ကို အကြောင်းပြု၍ သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဒီမိုကရက်တစ်တို့၏ လူဝင်မှုကြီးကြပ်ရေး လုပ်ဆောင်ချက်များအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်လိုက်သည်။
အဆိုပါ လူသတ်မှုအတွက် သံသယရှိသူမှာ အသက် ၃၀ အရွယ် ဟေတီ နိုင်ငံသား Rolbert Joachin ဖြစ်ပြီး ၎င်းသည် ဧပြီလ ၃ ရက်နေ့က Fort Myers မြို့တွင် အမျိုးသမီးတစ်ဦးအား သေဆုံးစေခဲ့သည်အထိ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန (DHS) ၏ အဆိုအရ Joachin သည် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လတွင် အမေရိကန်နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ခဲ့သော်လည်း "ယာယီအကာအကွယ်ပေးထားသည့် အဆင့်အတန်း" (TPS) အစီအစဉ်ဖြင့် နိုင်ငံအတွင်း ဆက်လက် နေထိုင်ခွင့် ရရှိထားသူဖြစ်သည်။
၎င်းကို လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဌာန (ICE) ၏ အကူအညီဖြင့် ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းသည် အဆိုပါအမျိုးသမီးအားသတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် ဓာတ်ဆီဆိုင်သို့သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း တရားရုံးတွင် ဝန်ခံထွက်ဆိုခဲ့သည်။
ဒေါ်နယ်ထရမ့်က ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာတွင် သံသယရှိသူအား “တိရစ္ဆာန်” ဟု သုံးနှုန်းခဲ့ပြီး "ဒီမိုကရက်တွေ ဘာတွေကို ကာကွယ်ပေးနေသလဲ" ဆိုသည်ကို အမေရိကန်ပြည်သူများ သိစေရန်အတွက် ထိုရုပ်သံဖိုင်ကို တည်းဖြတ်ခြင်းမရှိဘဲတင်ပြရန် မိမိ၌ တာဝန်ရှိသည်ဟု ခံစားရကြောင်း ရေးသားခဲ့သည်။
ထို့ပြင် ၎င်းက TPS အစီအစဉ်သည် လိမ်လည်မှုများဖြင့် ပြည့်နှက်နေကြောင်းနှင့် ဘိုင်ဒင်အစိုးရ၏ လျော့ရဲသောနယ်စပ်မူဝါဒများကြောင့် အပြစ်မဲ့ပြည်သူများ အသက်ပေးနေရကြောင်း စွပ်စွဲခဲ့သည်။ ၎င်း၏ အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် အဆိုပါမူဝါဒများကို ပြောင်းပြန်လှန်ရန်နှင့် ပြည်နှင်ဒဏ်ပေးမှုများ ပိုမိုတင်းကျပ်စွာလုပ်ဆောင်ရန် အသင့်ရှိကြောင်းလည်း အလေးအနက် ပြောကြားခဲ့သည်။
ထရမ့်သည် သေဆုံးသူ၏ မိသားစုအတွက် ဆုတောင်းပေးကာ တရားမျှတမှုကို ဖော်ဆောင်ပေးမည်ဟု ကတိပြုခဲ့သည်။ တစ်ဖက်တွင်လည်း DHS က ICE အနေဖြင့် Joachin ကို ထိန်းသိမ်းထားရန် တောင်းဆိုချက်တင်သွင်းထားပြီးဖြစ်ရာ ရာဇဝတ်မှုခင်း ရလဒ်မည်သို့ပင်ရှိစေကာမူ ၎င်းသည် ပြည်နှင်ဒဏ်ပေးခြင်းနှင့် မလွဲမသွေရင်ဆိုင်ရမည်ဖြစ်ကြောင်း အတည်ပြုပြောကြားထားသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး

,
,