မီလာနီယာထရမ့်က အက်ပ်စတိန်းနှင့်ပတ်သက်၍ အံ့အားသင့်ဖွယ် ထုတ်ဖော်ပြောကြားပြီးနောက် အိမ်ဖြူတော်အပေါ် ဖိအားများ မြင့်တက်လာ
အမေရိကန်သမ္မတကတော် မီလာနီယာထရမ့်သည် ကွယ်လွန်သူဘဏ္ဍာရေးလုပ်ငန်းရှင် ဂျက်ဖရီအက်ပ်စတိန်း (Jeffrey Epstein) နှင့် ပတ်သက်၍ ယခင်ကထွက်ပေါ်ခဲ့သော ကောလာဟလများကို တုံ့ပြန်သည့်အနေဖြင့် အံ့အားသင့်ဖွယ် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုချက်တစ်ခု ကို ဧပြီ ၉ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။
မီလာနီယာက သူမအနေဖြင့် အက်ပ်စတိန်းနှင့် မည်သည့်ရင်းနှီးသည့် ဆက်ဆံရေးမျိုးမျှမရှိခဲ့သကဲ့သို့ ဒေါ်နယ်ထရမ့်နှင့် သူမကို မိတ်ဆက်ပေးခဲ့သူမှာ အက်ပ်စတိန်းဖြစ်သည်ဟူသော ပြောဆိုချက်များကိုလည်း အတိအလင်း ငြင်းဆိုခဲ့သည်။
အိမ်ဖြူတော်မှထုတ်ပြန်ခဲ့သော ၎င်း၏ထုတ်ပြန်ချက်တွင် သူမသည် အက်ပ်စတိန်းနှင့် မိတ်ဆွေမဖြစ်ခဲ့ဖူးကြောင်း၊ ၎င်း၏အပေါင်းအပါ ဂါစလိန်းမက်စ်ဝဲလ်နှင့်လည်း သာမန်စာပေးစာယူအဆင့်သာရှိခဲ့ကြောင်း ဖော်ပြထားပြီး အက်ပ်စတိန်း၏ သားကောင်ဖြစ်ခဲ့ရသူများအတွက် လွှတ်တော်က လူသိရှင်ကြား ကြားနာပွဲများကျင်းပပေးရန်လည်း တိုက်တွန်းခဲ့သည်။
ထိုသို့ ထုတ်ဖော်ပြောဆိုမှုသည် သမ္မတဒေါ်နယ်ထရမ့်အတွက်ပင် ကြိုတင်မျှော်လင့်မထားသည့် အခြေအနေဖြစ်ခဲ့ပြီး သမ္မတက ဇနီးဖြစ်သူ၏ပြောကြားချက်ကို မိမိအနေဖြင့် ကြိုတင်သိရှိထားခြင်းမရှိကြောင်း မီဒီယာများကို ပြောကြားခဲ့သည်။
မီလာနီယာက သူမ၏ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင်လုပ်ဆောင်နေသည့် မုသားစကားများမှာ ယနေ့တွင် အဆုံးသတ်ရမည်ဖြစ်ကြောင်းနှင့် သူမ၏ အမည်မှာလည်း အက်ပ်စတိန်းအမှုနှင့်ပတ်သက်သည့် မည်သည့် တရားရုံးမှတ်တမ်း သို့မဟုတ် စုံစမ်းစစ်ဆေးမှုများတွင်မျှ ပါဝင်ခြင်းမရှိကြောင်း အခိုင်အမာ ပြောဆိုခဲ့သည်။ ၎င်းတို့ဇနီးမောင်နှံအနေဖြင့် လူမှုပတ်ဝန်းကျင်ချင်း တူညီမှုကြောင့်သာ အက်ပ်စတိန်းနှင့် လူမှုရေးပွဲအချို့တွင် ဆုံတွေ့ ခဲ့ခြင်းဖြစ်ကြောင်းလည်း ရှင်းလင်းခဲ့သည်။
တစ်ချိန်တည်းမှာပင် အက်ပ်စတိန်းအမှုတွဲများကို ကိုင်တွယ်ပုံနှင့်ပတ်သက်၍ ထရမ့်အစိုးရအဖွဲ့အပေါ် ဝေဖန်မှုများ ပိုမိုပြင်းထန်လာ နေသည်။ မိုက်ခရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ်က အောက်လွှတ်တော် ကြီးကြပ်ရေးကော်မတီတွင် သက်သေထွက်ဆိုရန် သဘောတူညီခဲ့ပြီးနောက် ရာထူးမှထုတ်ပယ်ခံလိုက်ရသည့် ရှေ့နေချုပ်ဟောင်း ပမ်ဘွန်ဒီ ကိုလည်း လွှတ်တော်သို့ လာရောက်သက်သေထွက်ဆိုရန် ပါတီနှစ်ရပ်လုံးမှ အမတ်များက ဖိအားပေးလျက်ရှိသည်။
၂၀၂၅ ခုနှစ်အတွင်းက အက်ပ်စတိန်း၏ ဖောက်သည်စာရင်း လက်ဝယ်ရှိနေပြီဟု ဘွန်ဒီက ပြောကြားခဲ့သော်လည်း နောက်ပိုင်းတွင် တရားရေး ဌာနက ထိုစာရင်းမရှိကြောင်း ပြန်လည်ငြင်းဆိုခဲ့ခြင်းကြောင့် အမှန်တရားကို ဖုံးကွယ်ထားသည်ဟူသော စွပ်စွဲချက်များဖြင့် နိုင်ငံရေးအရ တင်းမာမှုများ ဆက်လက်မြင့်တက်နေသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး

,
,