အမေရိကန်-အီရန် သဘောတူညီချက်တွင် လက်ဘနွန်၏ အခြေအနေနှင့်ပတ်သက်၍ မော်စကိုက တီဟီရန်ဘက်မှ ထောက်ခံ

News Image

  • အမေရိကန်-အီရန် သဘောတူညီချက်တွင် လက်ဘနွန်၏ အခြေအနေ နှင့်ပတ်သက်၍ မော်စကိုက တီဟီရန်ဘက်မှ ထောက်ခံ

အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေးသည် ဒေသတွင်း အတိုင်းအတာအထိ သက်ရောက်မှုရှိပြီး လက်ဘနွန်နိုင်ငံအထိအကျုံးဝင်သည်ဟု မော်စကို ကယုံကြည်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာဗရော့ဗ်က အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီနှင့် ကြာသပတေးနေ့ (ဧပြီ ၉) က ဖုန်းဖြင့်ဆွေးနွေးစဉ် ပြောကြားခဲ့သည်ဟု သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

လာဗရော့ဗ်က အမေရိကန်နှင့်အီရန်တို့အကြား တိုက်ခိုက်မှုများ ရပ်စဲခြင်းနှင့် အဆိုပါ သဘောတူညီချက်များတွင် အစ္စရေးနိုင်ငံ ပါဝင်လာခြင်းကို ရုရှားက အပြည့်အဝ ထောက်ခံကြောင်း ပြောကြားခဲ့သည်။ ၎င်းက ရှေ့လာမည့်ညှိနှိုင်းမှုများ အောင်မြင်ရန် မျှော်လင့်ကြောင်းဖော်ပြခဲ့ပြီး "အမေရိကန်-အစ္စရေးတို့၏ အကြောင်းမဲ့ ကျူးကျော်မှုနောက်ဆက်တွဲ အကျိုးဆက်များကို ကျော်လွှားနိုင်ရန်နှင့် ဒေသတွင်း၌ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို အာမခံနိုင်ရန်" မော်စကိုက ကူညီပေးရန် အသင့်ရှိကြောင်း ထပ်လောင်း အတည်ပြုခဲ့သည်။

ရုရှားဝန်ကြီးက ဆက်လက်ပြောကြားရာတွင် ပါကစ္စတန် ကြားဝင်စေ့စပ်သူများ ကြေညာထားသည့်အတိုင်း အဆိုပါ သဘောတူညီချက် များသည် ဒေသတွင်းအတိုင်းအတာအထိ သက်ရောက်မှုရှိပြီး အထူးသဖြင့် လက်ဘနွန်အထိ အကျုံးဝင်သည်ဟု မော်စကိုက ခိုင်ခိုင်မာမာ ယုံကြည်ကြောင်း အလေးပေးပြောကြားခဲ့သည်။

အစ္စရေးကမူ လက်ဘနွန်သည် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တွင် အစိတ်အပိုင်းတစ်ခုအဖြစ်မပါဝင်ကြောင်း အခိုင်အမာ ပြောဆိုထားပြီး လေကြောင်းတိုက်ခိုက်မှုများနှင့် မြေပြင်ကျူးကျော်မှုများ ပြုလုပ်နေသည့် လက်ဘနွန်နိုင်ငံအတွင်း စစ်ဆင်ရေးများကို ဆက်လက် လုပ်ဆောင်ရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။

အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေးကြေညာပြီးနောက် မကြာမီမှာပင် အစ္စရေးစစ်တပ်က လက်ဘနွန်သို့ စစ်ပွဲစတင်ချိန်မှစ၍ အကြီးမားဆုံး တိုက်ခိုက်မှုအဖြစ် ဆယ်မိနစ်အတွင်း နိုင်ငံတစ်ဝန်းရှိ ပစ်မှတ်ပေါင်း ၁၀၀ ခန့်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မတ်လ ၂ ရက်နေ့မှစ၍ အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် အမျိုးသမီးများနှင့် ကလေးငယ် ရာပေါင်းများစွာအပါအဝင် လူပေါင်း ၁,၇၀၀ ကျော် သေဆုံး ခဲ့ပြီး ၅,၈၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

မည်သည့် တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်တွင်မဆို လက်ဘနွန် နိုင်ငံပါဝင်ရမည်ဖြစ်ကြောင်း အီရန်က ရှင်းလင်းစွာ ပြောကြား ထားသည်။ထို့အပြင် အစ္စရေးအနေဖြင့် စစ်မျက်နှာအားလုံးတွင် အပစ်အခတ်ရပ်စဲရန် ကတိကဝတ်မပြုသရွေ့ ဟော်မုဇ်ရေလက်ကြားကို သင်္ဘောများ ဖြတ်သန်းသွားလာခွင့်ပိတ်ထားမည်ဖြစ်ကြောင်းလည်း သတိပေးထားသည်။

ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အာရက်ချီက ပါရှန်ပင်လယ်ကွေ့အခြေအနေနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေး များအတွင်း ရုရှား၏ မူဝါဒခိုင်မာသော ရပ်တည်ချက်အတွက် လာဗရော့ဗ် ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ ဝန်ကြီးနှစ်ဦးသည် ဒေသတွင်း လုံခြုံရေးဆိုင်ရာကိစ္စရပ်များကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး