ဗာဂျီးနီးယားပြည်နယ် လူထုဆန္ဒခံယူပွဲမတိုင်မီ KKK ပုံရိပ်များကို နိုင်ငံရေးလက်နက်သဖွယ် အသုံးပြုနေသည်ဟု ရစ်ပတ်ဘလီကန်အုပ်စု စွပ်စွဲခံရ

News Image

  • ဗာဂျီးနီးယားပြည်နယ် လူထုဆန္ဒခံယူပွဲမတိုင်မီ KKK ပုံရိပ်များကို နိုင်ငံရေးလက်နက်သဖွယ် အသုံးပြုနေသည်ဟု ရစ်ပတ်ဘလီကန်အုပ်စု စွပ်စွဲခံရ

ဗာဂျီးနီးယားပြည်နယ်၏ အရေးပါသော လူထုဆန္ဒခံယူပွဲမတိုင်မီ မဲဆန္ဒရှင်များထံသို့ Ku Klux Klan (KKK) အဖွဲ့၏ ပုံရိပ်များပါဝင်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ခြင်းကြောင့် ရစ်ပတ်ဘလီကန်နှင့် နီးစပ်သည့် နိုင်ငံရေးအဖွဲ့တစ်ခုမှာ စွပ်စွဲပြစ်တင်ခြင်း ခံနေရသည်။ အဆိုပါ လှုပ်ရှားမှုသည် လူမည်းမဲဆန္ဒရှင်များကို အဓိက ပစ်မှတ်ထားခြင်းဖြစ်ကြောင်း Washington Post သတင်းစာက သုံးသပ်ဖော်ပြခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်များကို Democracy and Justice နိုင်ငံရေး လှုပ်ရှားမှုကော်မတီက မကြာသေးမီ သီတင်းပတ်များအတွင်း ဖြန့်ဝေခဲ့ခြင်းဖြစ်ပြီး၊ ၎င်းတွင် အမေရိကန်ရှိ လူမည်းများအပေါ် လူမျိုးရေးအရ အကြမ်းဖက်မှုများနှင့် သမိုင်းဝင်ဆက်နွှယ်နေသည့် KKK အဖွဲ့၏ ပုံရိပ် များကို အသုံးပြုထားသည်။ ထို့ပြင် ဒီမိုကရက်များဘက်သို့ အသာစီးရစေမည့် ပြည်နယ်မဲဆန္ဒနယ်မြေ မြေပုံပြန်လည်ရေးဆွဲရေးအစီအစဉ်ကို မဲဆန္ဒရှင်များအနေဖြင့် ငြင်းပယ်ကြရန်လည်း သတိပေးနှိုးဆော်ထားသည်။

လက်ကမ်းစာစောင်၏ဒီဇိုင်းမှာ စိတ်ခံစားမှုကို လှုံ့ဆော်ပေးနိုင်သည့် သမိုင်းဝင်မြင်ကွင်းများနှင့် ရိုးရှင်းသော အရေးပေါ်သတင်းစကားများကို ပေါင်းစပ်ထားသည်။ Virginia Independent က ဖော်ပြခဲ့သည့် စာစောင်တစ်ခုတွင် လူမျိုးရေးခွဲခြားဆက်ဆံမှုများရှိခဲ့စဉ်က အဖြူအမည်း ဓာတ်ပုံ ဟောင်းများကို အသုံးပြုထားပြီး ဝတ်ရုံဖြူများဝတ်ဆင်ထားသည့် Klansmen အဖွဲ့ဝင်များနှင့် လူမည်းများ အကြမ်းဖက်ခံနေရသည့် မြင်ကွင်းများ ပါဝင်သည်။ ၎င်းပုံရိပ်များနှင့်အတူ “သူတို့ဟာ မင်းတို့ရဲ့ အသံကို တိတ်သွားအောင်လုပ်ချင်နေကြတာ” ဟူသော ရေးသားချက်ကိုလည်း တွေ့ရသည်။ အခြားစာစောင်တစ်ခုတွင်မူ ချီတက်ပွဲနှင့် ဆန္ဒပြပွဲကဲ့သို့သော လူ့အခွင့်အရေးလှုပ်ရှားမှုခေတ် ပုံရိပ်များကို “နိုင်ငံရေးသမားတွေက ငါတို့ရဲ့ နယ်မြေတွေကို လုယူဖို့ ကြိုးစားနေကြတယ်” ဟူသော ကြွေးကြော်သံများနှင့် တွဲဖက်ဖော်ပြထားသည်။

လာမည့် ဧပြီလ ၂၁ ရက်နေ့တွင်ကျင်းပမည့် လူထုဆန္ဒခံယူပွဲသည် ဗာဂျီးနီးယား ပြည်နယ်၏ မဲဆန္ဒနယ်မြေများသတ်မှတ်ပုံကို ပြောင်းလဲရန် ရှိ၊ မရှိ ဆုံးဖြတ်မည်ဖြစ်သည်။ အဆိုပါရလဒ်သည် လွှတ်တော်တွင် မည်သည့်ပါတီက အမတ်နေရာပိုမိုရရှိမည်ဆိုသည့်အပေါ် များစွာသက်ရောက်မှု ရှိနိုင်သည်။

ဗာဂျီးနီးယားပြည်နယ်လူဦးရေ၏ ငါးပုံတစ်ပုံခန့်မှာ လူမည်းမဲဆန္ဒရှင်များဖြစ်ပြီး ၎င်းတို့သည် ပြည်နယ်အဆင့်ရွေးကောက်ပွဲများတွင် အရေးပါသောအစုအဖွဲ့ ဖြစ်သည်။ ဗာဂျီးနီးယားသည် ယေဘုယျအားဖြင့် ဒီမိုကရက်များဘက်သို့ယိမ်းသော်လည်း အားပြိုင်မှုပြင်းထန်သည့် ပြည်နယ် တစ်ခုဖြစ်နေဆဲဖြစ်ကာ အနည်းငယ်သော ထောက်ခံမှု အပြောင်းအလဲကပင် ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲစေနိုင်သည်။

ယခု ဗာဂျီးနီးယား၏ အခြေအနေသည် ၂၀၂၆ ခုနှစ် ရွေးကောက်ပွဲများမတိုင်မီ နိုင်ငံရေးအရ အသာစီးရရန် မဲဆန္ဒနယ်မြေ မြေပုံများကို ပြန်လည် ရေးဆွဲရန် ရစ်ပတ်ဘလီကန်နှင့် ဒီမိုကရက်တို့၏ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြိုးပမ်းမှုများအတွင်း ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ပုံမှန် အားဖြင့် မဲဆန္ဒနယ်မြေများကို ၁၀ နှစ်တစ်ကြိမ် သန်းခေါင်စာရင်း ကောက်ယူပြီးမှသာ ပြန်လည်ရေးဆွဲလေ့ရှိပြီး နောက်တစ်ကြိမ်မှာ ၂၀၃၀ ပြည့်နှစ် တွင် ဖြစ်သည်။

အပြောင်းအလဲများကို လွှတ်တော် သို့မဟုတ် တရားရုံးများမှတစ်ဆင့် ဆောင်ရွက်လေ့ရှိသည့် အခြားပြည်နယ်များနှင့်မတူဘဲ ဗာဂျီးနီးယား သည် အဆိုပါအစီအစဉ်ကို လူထုဆန္ဒခံယူပွဲမှတစ်ဆင့် မဲဆန္ဒရှင်များအား တိုက်ရိုက်ဆုံးဖြတ်စေခြင်း ဖြစ်သည်။ အမေရိကန် သမ္မတဟောင်း ဘားရက်အိုဘားမားကလည်း ထိုအစီအစဉ်ကို ထောက်ခံအားပေးကြရန် ဗာဂျီးနီးယားပြည်သူများကို တိုက်တွန်းထားသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး