အီရန်စစ်ပွဲတွင် မဟာမိတ်များ ပါဝင်မှုမရှိခြင်းအပေါ် ထရမ့် ဒေါသထွက်နေပြီး နေတိုးအဖွဲ့မှ နုတ်ထွက်ရန် ခြိမ်းခြောက်

News Image

  • အီရန်စစ်ပွဲတွင် မဟာမိတ်များ ပါဝင်မှုမရှိခြင်းအပေါ် ထရမ့် ဒေါသထွက် နေပြီး နေတိုးအဖွဲ့မှ နုတ်ထွက်ရန် ခြိမ်းခြောက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲအတွင်း ဥရောပမဟာမိတ်များ၏ တုံ့ပြန်မှုနှေးကွေးခြင်းအပေါ် နေတိုး (NATO) အဖွဲ့အား ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်လိုက်ပြီး အဖွဲ့မှနုတ်ထွက်နိုင်ကြောင်း အရိပ်အယောင်များ ထပ်မံပြသခဲ့သည်။ 

နေတိုးအဖွဲ့အကြီးအကဲ မာ့ခ် ရုတေးနှင့် တွေ့ဆုံစဉ်အတွင်း ထရမ့်က ဟော်မုဇ်ရေလက်ကြားလုံခြုံရေးအတွက် မဟာမိတ်နိုင်ငံများအနေဖြင့် ရက်ပိုင်းအတွင်းကတိကဝတ်ပြုရန် ရာဇသံတစ်ရပ်ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ၎င်း၏ Truth Social လူမှုကွန်ရက်တွင်လည်း "အမေရိကန်က လိုအပ်ချိန်မှာ နေတိုးဟာ ရှိမနေခဲ့ဘူး" ဟု ရေးသားကာ မဟာမိတ်များ အပေါ် စိတ်ပျက်မှုကို ထုတ်ဖော်ခဲ့သည်။

လက်ရှိစစ်ရေးအခြေအနေတွင် ဥရောပနိုင်ငံများအကြား သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေပြီး စပိန်နိုင်ငံက အမေရိကန် စစ်လေယာဉ်များအား ၎င်းတို့၏အခြေစိုက်စခန်းအသုံးပြုခွင့်ကို တိုက်ရိုက် ငြင်းဆိုထားသည်။ တစ်ချိန်တည်းမှာပင် ဂျာမနီနှင့် ဗြိတိန်တို့ကလည်း "ဒါဟာ ငါတို့ရဲ့ စစ်ပွဲမဟုတ်ဘူး" ဟု ဆိုကာ ကြားနေဝါဒကို ကျင့်သုံးနေကြသည်။ 

ထိုအခြေအနေများနှင့်ပတ်သက်၍ နေတိုးအဖွဲ့အကြီးအကဲ မာ့ခ် ရုတေး က သမ္မတထရမ့်နှင့် ပွင့်လင်းရိုးသားစွာ ဆွေးနွေးခဲ့သော်လည်း အမေရိကန် က မဟာမိတ်အဖွဲ့မှ နုတ်ထွက်မည့်ကိစ္စကိုမူ တိုက်ရိုက်ဖြေကြားခြင်းမရှိဘဲ ရှောင်လွှဲခဲ့သည်။

အခြားတစ်ဖက်တွင်လည်း မာ့ခ် ရုတေးသည် သမ္မတထရမ့်အပေါ် အလွန်အမင်း ရိုကျိုးလွန်းသည်ဟုဆိုကာ ဥရောပနိုင်ငံများ၏ ဝေဖန်မှုကို ခံနေရသည်။ အထူးသဖြင့် ယခင်က ထရမ့်ကို Daddy ဟု ခေါ်ဆိုခဲ့ခြင်း မှာ သတင်းမီဒီယာများအကြား လှောင်ပြောင်စရာ ဖြစ်ခဲ့သည်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကယ်ရိုလိုင်း လီဗစ်၏ ပြောကြားချက်အရ နေတိုးအဖွဲ့မှ နုတ်ထွက်ရန်ကိစ္စသည် သမ္မတထရမ့် အမှန်တကယ် ဆွေးနွေးနေသည့် အကြောင်းအရာတစ်ခုဖြစ်နေပြီး အဆိုပါကိစ္စသည် အမေရိကန်နှင့် နေတိုးမဟာမိတ်တို့အကြား ဆက်ဆံရေးအတွက် အဆုံးအဖြတ်ပေးမည့် စိန်ခေါ်မှုတစ်ခု ဖြစ်လာနေသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး