ထရမ့်က ရာထူးမှထုတ်ပယ်လိုက်သော ရှေ့နေချုပ်ဟောင်း Pam Bondi အား Epstein အမှုနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းမည်မဟုတ်ကြောင်း တရားရေးဌာန ထုတ်ပြန်
ပြီးခဲ့သည့်သီတင်းပတ်က သမ္မတ ဒေါ်နယ်ထရမ့်၏ ထုတ်ပယ်ခြင်းကိုခံခဲ့ရသည့် အမေရိကန် ရှေ့နေချုပ်ဟောင်း Pam Bondi အနေဖြင့် ကွယ်လွန်သူ ငွေကြေးဓနရှင်နှင့် ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူအဖြစ် ပြစ်ဒဏ်စီရင်ခံထားရသူ Jeffrey Epstein အား စုံစမ်းစစ်ဆေးမှုကို သူမကိုင်တွယ်ခဲ့ပုံနှင့်ပတ်သက်၍ သက်သေထွက်ဆိုရန် မလိုအပ်တော့ကြောင်း တရားရေးဌာန (DOJ) က ကြေညာခဲ့သည်။
အဆိုပါ ဆုံးဖြတ်ချက်ကို ရှင်းလင်းသည့်စာတွင် Bondi အား လွှတ်တော်သို့ ဆင့်ခေါ်ခဲ့ခြင်းမှာ သူမ၏ တရားဝင်ရာထူးတာဝန်အရဖြစ်ကြောင်း၊ ယခုအခါ သူမသည် အဆိုပါရာထူးကို ဆက်လက်ထမ်းဆောင်ခြင်း မရှိတော့သည့်အတွက် တောင်းဆိုချက်မှာ အကျုံးမဝင်တော့ကြောင်း တရားရေးဌာနက ချေပပြောဆိုခဲ့သည်။ သို့သော်လည်း ပါတီနှစ်ရပ်လုံးမှ လွှတ်တော်အမတ်များကမူ သူမအနေဖြင့် သက်သေထွက်ဆိုရန် ဥပဒေကြောင်းအရ တာဝန်ရှိနေဆဲဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့ကြသည်။
“Pam Bondi ကို ရှေ့နေချုပ်အဖြစ်ကနေ ဖယ်ရှားလိုက်တာဟာ သူမရဲ့ ကျမ်းကျိန်ထွက်ဆိုချက်ကို ရယူဖို့ကြိုးပမ်းနေတဲ့ ကော်မတီရဲ့ တရားဝင် ကြီးကြပ်ကွပ်ကဲခွင့် အခွင့်အရေးကို လျော့ပါးသွားစေမှာမဟုတ်ပါဘူး” ဟု ရစ်ပတ်ဘလီကန် လွှတ်တော်အမတ် Nancy Mace နှင့် ဒီမိုကရက်တစ် လွှတ်တော်အမတ် Ro Khanna တို့က ပြောကြားခဲ့သည်။
Mace က ဆက်လက်ပြီး Bondi အနေဖြင့် “ရာထူးမရှိတော့ရုံနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုကနေ လွတ်မြောက်နိုင်မှာမဟုတ်ကြောင်းနှင့် သူမ၏ သက်သေ ထွက်ဆိုချက်သည် ယခုအခါတွင် ပို၍ပင် အရေးကြီးနေပြီဖြစ်ကြောင်း” အလေးပေး ပြောကြားခဲ့သည်။
ဒီမိုကရက်တစ် လွှတ်တော်ကိုယ်စားလှယ် Robert Garcia ကမူ Bondi အနေဖြင့် လာရောက်ခြင်းမရှိပါက လွှတ်တော်ကိုမလေးစားမှုဖြင့် တရား စွဲဆိုမှု များစတင်မည်ဟု ခြိမ်းခြောက်ခဲ့ပြီး Epstein ဖိုင်တွဲများကိစ္စနှင့် အိမ်ဖြူတော်၏ ဖုံးကွယ်မှုများအကြောင်းကို ချက်ချင်းလာရောက် သက်သေထွက်ဆိုရမည်ဖြစ်ကြောင်း အခိုင်အမာ တောင်းဆိုထားသည်။
Bondi အား စစ်ဆေးမေးမြန်းခြင်းမှ ကင်းလွတ်ခွင့်ပေးသည့် တရားရေး ဌာန (DOJ) ၏ အကြောင်းပြချက်သည် ယခင်ရှေ့နေချုပ်ဟောင်း ခြောက်ဦး ဖြစ်သည့် Loretta Lynch၊ Eric Holder၊ Bill Barr၊ Merrick Garland၊ Jeff Sessions နှင့် Alberto Gonzales တို့ Epstein အမှုတွင် လာရောက် သက်သေထွက်ဆိုခဲ့ကြသည့်အချက်နှင့် ဆန့်ကျင်ဘက်ဖြစ်နေကြောင်း ဝေဖန်သူများက ထောက်ပြကြသည်။
၂၀၁၉ ခုနှစ်တွင် ကာမဂုဏ်ဆိုင်ရာ လူကုန်ကူးမှုဖြင့် တရားရင်ဆိုင်ရန် စောင့်ဆိုင်းနေစဉ် ကွယ်လွန်သွားခဲ့သော ငွေကြေးဓနရှင် Epstein နှင့် ပတ်သက်သည့် လျှို့ဝှက်မဟုတ်သော မှတ်တမ်းအားလုံးကိုထုတ်ပြန်ရန် ပြီးခဲ့သည့်နှစ်တွင် လွှတ်တော်က ဥပဒေပြဋ္ဌာန်းခဲ့ပြီးနောက် ထရမ့်အစိုးရ ၏ Epstein ဖိုင်တွဲများအပေါ် ကိုင်တွယ်ပုံမှာ ပြင်းထန်သော ဝေဖန် ကန့်ကွက်မှုများနှင့် ရင်ဆိုင်နေရချိန်တွင် Bondi ၏ ငြင်းဆိုမှု ထွက်ပေါ် လာခြင်းဖြစ်သည်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် Bondi က Fox News သို့ ပြောကြားရာ၌ Epstein ၏ ‘ဖောက်သည်စာရင်း’ မှာ သူမ၏စားပွဲပေါ်တွင် ပြန်လည်စစ်ဆေးရန် ရောက်ရှိနေပြီဖြစ်ကြောင်း ပြောကြားခဲ့သဖြင့် တုန်လှုပ်ဖွယ်ရာ အချက်အလက်များ ပေါ်ထွက်လာတော့မည်ဟူသော မျှော်လင့်ချက် များကို မြင့်တက်စေခဲ့သည်။ သို့သော် ဇူလိုင်လအရောက်တွင်မူ ထိုသို့သော စာရင်းမျိုး တစ်ခါမျှမရှိခဲ့ဖူးကြောင်းနှင့် နောက်ထပ် အထောက်အထား စာရွက်စာတမ်းများကို ထုတ်ပြန်ရန်အစီအစဉ်မရှိကြောင်း တရားရေး ဌာနက ကြေညာခဲ့သည်။
Epstein ဖိုင်တွဲအပြည့်အစုံကို ထုတ်ပြန်ရန် Bondi ၏ ငြင်းဆိုမှုမှာ ဒီမိုကရက်တစ်နှင့် ရစ်ပတ်ဘလီကန် နှစ်ဖက်စလုံး၏ လှောင်ပြောင်ဝေဖန်မှုကို ကျယ်ကျယ်ပြန့်ပြန့် ခံခဲ့ရသည်။ အဆိုပါ အရာရှိဟောင်းသည် သူမအပေါ် ခြိမ်းခြောက်မှုများမြင့်တက်လာခြင်းကြောင့် စစ်တပ်ပိုင် အိမ်ရာသို့ပင် ပြောင်းရွှေ့နေထိုင်ခဲ့ရကြောင်း သတင်းများအရ သိရှိရသည်။
Bondi အနေဖြင့် နောက်ဆုံးတွင် သက်သေထွက်ဆိုရန် အတင်းအကျပ် ဖိအားပေးခံရမည်လား ဆိုသည်မှာ ရှင်းလင်းစွာ မသိရသေးသော်လည်း အောက်လွှတ်တော် ကြီးကြပ်ကွပ်ကဲရေး ကော်မတီကမူ Epstein ၏ သြဇာကြီးမားသော မိတ်ဖက်ကွန်ရက်များနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှု များကို ဆက်လက်လုပ်ဆောင်နေသည်။
Microsoft ပူးတွဲတည်ထောင်သူ Bill Gates သည် လာမည့် ဇွန်လတွင် တံခါးပိတ်ပြုလုပ်မည့် မှတ်တမ်းတင် အင်တာဗျူးတွင် လာရောက် သက်သေ ထွက်ဆိုရန် စီစဉ်ထားပြီး ဖြစ်သည်။ Gates ၏အပိုင်းတွင် အမှားအယွင်း တစ်စုံတစ်ရာ ကျူးလွန်ထားကြောင်း စွပ်စွဲခံထားရခြင်း မရှိဘဲ ၎င်း၏ ကိုယ်စားလှယ်များကလည်း Gates အနေဖြင့် "ကော်မတီရှေ့မှောက်တွင် လာရောက်ဖြေရှင်းရန် အခွင့်အရေးကို ဝမ်းမြောက်စွာ လက်ခံသည်" ဟု ပြောကြားထားသည်။
ယခင်က လာရောက်သက်သေထွက်ဆိုခဲ့ကြသည့် အခြားထင်ရှားသော ပုဂ္ဂိုလ်များတွင် သမ္မတဟောင်း Bill Clinton နှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton၊ Epstein ၏ ကြံရာပါဖြစ်သူ Ghislaine Maxwell နှင့် ဘီလျံနာ Les Wexner တို့ ပါဝင်ကြသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး

,
,