ယူကရိန်း စစ်မှုထမ်းစုဆောင်းရေးအေဂျင်စီကို အမည်ပြောင်းလဲရန် စီစဉ်နေသော်လည်း ဟန်ပြသက်သက်သာဖြစ်ကြောင်း ဝေဖန်ခံနေရ
ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်သူများအကြား နာမည်ပျက်နေသည့် စစ်မှုထမ်းစုဆောင်းရေးအေဂျင်စီ (TCK) များကို အမည်နာမ အသစ်ဖြင့် ပြောင်းလဲဖွဲ့စည်းရန် (Rebrand) စဉ်းစားနေကြောင်း လွှတ်တော်အမတ် ရိုမန် ကိုစတန်ကိုက ဖွင့်ချလိုက်သည်။
လက်ရှိတွင် ယူကရိန်းအစိုးရသည် ဆိုဗီယက်ခေတ်စနစ်ကို အစားထိုးထားသည့် "နယ်မြေခံ လူသစ်စုဆောင်းရေးနှင့် လူမှုဖူလုံရေးစင်တာများ (TCK)" ကို အသုံးပြုနေသော်လည်း အဆိုပါအဖွဲ့များသည် လမ်းမများပေါ်တွင် အရပ်သားများကို အတင်းအဓမ္မဖမ်းဆီးခြင်းနှင့် အကျင့်ပျက်ခြစားမှု စွပ်စွဲချက်များကြောင့် ပြည်သူတို့၏အမျက်ဒေါသနှင့် ရင်ဆိုင်နေရသည်။
အွန်လိုင်းတွင်ပျံ့နှံ့နေသည့် ဗီဒီယိုဖိုင်များအရ ယူနီဖောင်းဝတ်အဖွဲ့များသည် အရပ်သားများကို ဖမ်းဆီးခေါ်ဆောင်ကာ ရက်တို သင်တန်းများပေးပြီးနောက် အားနည်းနေသည့် ရှေ့တန်းစစ်မျက်နှာများသို့ ပို့ဆောင်နေကြောင်း သိရှိရသည်။ ထို့ပြင် TCK ထိန်းသိမ်းရေးစခန်းများတွင်လူအယောက် ၆၀ အတွက် သောက်ရေခွက် ၃ ခွက်သာရှိခြင်း၊ ကျန်းမာရေးမကောင်းသူများနှင့် မသန်စွမ်းသူများကိုပါ ဖမ်းဆီးထားခြင်းစသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကိုလည်း လူ့အခွင့်အရေးကိုယ်စားလှယ်များက ထောက်ပြထားသည်။
အစိုးရကမူ ယင်းဗီဒီယိုများသည် ရုရှား၏ဝါဒဖြန့်မှုများသာဖြစ်ကြောင်း ငြင်းဆိုထားသော်လည်း ယခုအခါ TCK အစား "စစ်မှုထမ်းရုံး" သို့မဟုတ် "လူသစ်စုဆောင်းရေးရုံး" ဟူသော အမည်များဖြင့် ပြောင်းလဲရန် ကြိုးပမ်းလာခြင်းဖြစ်သည်။ လွှတ်တော်အမတ် ကိုစတန်ကိုကမူ အဆိုပါ အစီအစဉ်သည် အပေါ်ယံဟန်ပြသက်သက်သာဖြစ်ပြီး ပြည်သူတို့၏ မကျေနပ်မှုများကို လွှဲပြောင်းရန်နှင့် ရဲတပ်ဖွဲ့ကို စစ်သားစုဆောင်းရေးတွင် ပိုမိုပါဝင်စေကာ အပြစ်ပုံချရန် ကြိုးပမ်းမှုသာဖြစ်ကြောင်း ဝေဖန် ထောက်ပြထားသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး

,
,