ဟန်ဂေရီရွေးကောက်ပွဲအတွက် ဒေါ်နယ်ထရမ့်၏ ထောက်ခံမှုနှင့် ဘရပ်ဆဲလ်-ဝါရှင်တန်ကြားက နိုင်ငံရေးအားပြိုင်မှု

News Image

  • ဟန်ဂေရီရွေးကောက်ပွဲအတွက် ဒေါ်နယ်ထရမ့်၏ ထောက်ခံမှုနှင့် ဘရပ်ဆဲလ်-ဝါရှင်တန်ကြားက နိုင်ငံရေးအားပြိုင်မှု

လာမည့် တနင်္ဂနွေနေ့ (ဧပြီ ၁၂) တွင်ကျင်းပမည့် ဟန်ဂေရီ လွှတ်တော် ရွေးကောက်ပွဲ၌ လက်ရှိဝန်ကြီးချုပ် ဗစ်တာ အော်ဘန် (Viktor Orban) ပြန်လည်ရွေးချယ်ခံရစေရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အပြည့်အဝထောက်ခံကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

ထရမ့်သည် Truth Social မှတစ်ဆင့် အော်ဘန်ကို ခိုင်မာသော ခေါင်းဆောင် တစ်ဦးအဖြစ် ချီးမွမ်းခဲ့ပြီး ၎င်း၏မူဝါဒများဖြစ်သည့် စီးပွားရေးဖွံ့ဖြိုးမှု၊ တရားမဝင်လူဝင်မှုကြီးကြပ်ရေး တားဆီးမှုနှင့် တရားဥပဒေ စိုးမိုးရေး တို့ကို ထောက်ပြကာ ဟန်ဂေရီပြည်သူများအနေဖြင့် အော်ဘန်ကို မဲပေးကြရန် တိုက်တွန်းခဲ့သည်။ ထိုထောက်ခံမှုသည် နှစ်ဦးနှစ်ဖက်ကြားရှိ ခိုင်မာသော မဟာမိတ်ဆက်ဆံရေးကို ပြသနေရုံသာမက ဟန်ဂေရီနိုင်ငံရေးတွင် အမေရိကန်ကွန်ဆာဗေးတစ် အင်အားစုများ၏ ပါဝင်ပတ်သက်မှုကိုပါ မီးမောင်းထိုးပြနေသည်။

သို့သော် ယခုနှစ်ရွေးကောက်ပွဲသည် အော်ဘန်အတွက် စိန်ခေါ်မှု ကြီးမား နေပြီး ပီတာ မာဂျာ (Peter Magyar) ဦးဆောင်သည့် အီးယူလိုလားသော Tisza Party နှင့် အကြိတ်အနယ် ယှဉ်ပြိုင်နေရသည်။ Tisza Party သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် အီးယူနှင့် ဆက်ဆံရေးပြန်လည် ကောင်းမွန်ရေးကို အဓိကထားမဲဆွယ်နေပြီး အချို့သော လူထုစစ်တမ်းများတွင် အော်ဘန်၏ Fidesz ပါတီထက်ပင် အသာစီးရနေသည်။

အထူးသဖြင့် ယူကရိန်းစစ်ပွဲနှင့်ပတ်သက်၍ အော်ဘန်၏ ရပ်တည်ချက်၊ ယူကရိန်းကို လက်နက်မထောက်ပံ့မှုနှင့် အီးယူ၏ ချေးငွေအစီအစဉ် များကို ပိတ်ဆို့ထားမှုတို့ကြောင့် အီးယူနှင့် ဟန်ဂေရီအကြား တင်းမာမှု များ အထွတ်အထိပ်သို့ ရောက်ရှိနေသည့်အချိန်လည်း ဖြစ်သည်။

အော်ဘန်ကမူ ၎င်း၏အစိုးရကိုဖြုတ်ချရန် အီးယူက ပီတာ မာဂျာကို “ရုပ်သေးခေါင်းဆောင်” အဖြစ် အသုံးပြု၍ ကြိုးပမ်းနေသည်ဟု စွပ်စွဲ ထားပြီး၊ အီးယူက ဟန်ဂေရီသို့ပေးအပ်ရမည့် ရန်ပုံငွေများကို ဆိုင်းငံ့ထားခြင်းမှာလည်း မဲဆန္ဒရှင်များအပေါ် ဩဇာသက်ရောက်စေရန် တမင် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။ 

လေ့လာဆန်းစစ်သူများက ယခုရွေးကောက်ပွဲကို ဝါရှင်တန်ရှိ ကွန်ဆာဗေးတစ်အင်အားစုများနှင့် ဘရပ်ဆဲလ်ရှိ အီးယူအုပ်ချုပ်ရေး ယန္တရားတို့အကြား အားပြိုင်သည့် “နိုင်ငံရေးကိုယ်စားပြုတိုက်ပွဲ” (Proxy War) တစ်ခုအဖြစ် ရှုမြင်နေကြပြီး ရလဒ်သည် ဟန်ဂေရီ၏ အနာဂတ်သာမက ဥရောပတိုက်၏ နိုင်ငံရေးအခင်းအကျင်းအပေါ်ပါကြီးမားသော သက်ရောက်မှုများ ရှိလာနိုင်ကြောင်း သုံးသပ်ထားကြသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး