အီရန်အပစ်အခတ်ရပ်စဲရေး၏ ပထမဆုံးနေ့ရက်များသည် လက်ဘနွန် နိုင်ငံအတွက် ၂၀၂၄ ခုနှစ်နောက်ပိုင်း သေဆုံးမှုအများဆုံးနေ့ရက်များ ဖြစ်လာခဲ့
အမေရိကန်နှင့် အီရန်တို့အကြားရရှိထားသော ထိလွယ်ရှလွယ်သည့် အပစ်အခတ်ရပ်စဲရေး၏ ပထမဆုံးနေ့ရက်များသည် လက်ဘနွန်နိုင်ငံ အတွက် အလွန်ပင် သေဆုံးမှုများပြားသောနေ့ရက်များ ဖြစ်လာခဲ့သည်။ အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် လူပေါင်းရာနှင့်ချီ သေဆုံးခဲ့ရပြီး ဗုဒ္ဓဟူးနေ့ (ဧပြီ ၈) တစ်ရက်တည်းမှာပင် အနည်းဆုံး လူပေါင်း ၃၅၇ ဦး သေဆုံးခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုများသည် လက်ဘနွန်နိုင်ငံလည်းပါဝင်သည်ဟု ၎င်းတို့ ယူဆထားသော အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း အီရန်က ပြောကြားခဲ့သည်။ အပစ်ရပ်ရေးအတွက် ကြားဝင်စေ့စပ်ပေးခဲ့သည့် ပါကစ္စတန်ကလည်း လက်ဘနွန်သည် သဘော တူညီချက်တွင် ပါဝင်သည်ဟု ဆိုသော်လည်း အစ္စရေးနှင့် အမေရိကန် တို့ကမူ လက်ဘနွန်သည် ထိုသဘောတူညီချက်၏ အစိတ်အပိုင်း မဟုတ်ဟု ငြင်းဆိုထားကြသည်။
လက်ဘနွန်သမ္မတ ဂျိုးဇက်အောင်း (Joseph Aoun) က တောင်ပိုင်းမြို့ ဖြစ်သော နာဘာတီယေး (Nabatieh) တွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့ကြောင်း သောကြာနေ့ (ဧပြီ ၁၀) တွင် ပြောကြားခဲ့သည်။ ဒေသန္တရအာဏာပိုင်များကမူ ယင်းအခြေအနေကို စစ်ပွဲစတင်ကတည်း က အဆိုပါဒေသ၌ အကြီးမားဆုံးသော အစ္စရေး၏ ကျူးကျော် တိုက်ခိုက်မှုဟု ဖော်ပြခဲ့ကြသည်။
အပစ်ရပ်စဲရေးကို ပထမဆုံးကြေညာပြီး နာရီပိုင်းအကြာမှာပင် အစ္စရေး သည် အပြင်းအထန် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ကလေးငယ် ၃၀ ဦး အပါအဝင် လူပေါင်း ၃၀၀ ကျော် သေဆုံးခဲ့ပြီး ၁,၂၂၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန်အာဏာပိုင်များက ဆိုသည်။ ၎င်းသည် ၂၀၂၄ ခုနှစ် စက်တင်ဘာလနောက်ပိုင်း လက်ဘနွန်တွင် သေဆုံးမှုအများဆုံးနေ့ ဖြစ်လာခဲ့သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း သေဆုံးသူအရေအတွက်မှာ သိသိသာသာမြင့်တက်လာခဲ့ပြီး သေဆုံးသူဦးရေ ထပ်မံတိုးလာနိုင်ဖွယ်ရှိကြောင်း လက်ဘနွန် ကျန်းမာရေးဝန်ကြီး ဌာနက သောကြာနေ့ (ဧပြီ ၁၀) တွင် သတိပေးခဲ့သည်။
အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးကော်မတီ (IRC) ကလည်း ၎င်းသည် နှစ်ပေါင်းများစွာအတွင်း အကြမ်းဖက်မှု အပြင်းထန်ဆုံးနေ့ရက်များထဲမှ တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ IRC ၏ ထုတ်ပြန်ချက်တွင် "ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အဆိုအရ ထိခိုက်သေဆုံးမှု များပြား လွန်းခြင်းကြောင့် သုံးပတ်စာအသုံးပြုနိုင်သည့် ဒဏ်ရာခွဲစိတ်ကုသရေးပစ္စည်းများမှာ တစ်ရက်တည်းနှင့် ကုန်ဆုံးသွားခဲ့ပြီး လက်ကျန်ပစ္စည်းများ မှာလည်း ရက်ပိုင်းအတွင်း ပြတ်လပ်သွားနိုင်သည်" ဟု ဖော်ပြထားသည်။
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ကမူ အရပ်သားများထူထပ်ရာအချက်အချာနေရာများကို တိုက်ခိုက်ခဲ့ကြောင်းဝန်ခံခဲ့သော်လည်း အဆိုပါတိုက်ခိုက်မှုအတွင်း ဟစ်ဇဘိုလာ အကြမ်းဖက်သမား အနည်းဆုံး ၁၈၀ ဦးကို သတ်ဖြတ်နိုင်ခဲ့ကြောင်းနှင့် အရပ်သားများ ထိခိုက်မှု နည်းပါး စေရန်ဆောင်ရွက်ခဲ့ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြာသပတေးနေ့ (ဧပြီ ၉) တွင် NBC News နှင့် ပြုလုပ်ခဲ့သော အင်တာဗျူး၌ လက်ဘနွန်ရှိ စစ်ဆင်ရေး များကို အနည်းငယ်လျှော့ချရန် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု ကို ပြောကြားထားသည်ဟု ဆိုသော်လည်း အစ္စရေးသည် သောကြာနေ့ (ဧပြီ ၁၀) အထိ လက်ဘနွန်ကို ဆက်လက်တိုက်ခိုက်နေဆဲ ဖြစ်သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး

,
,
,
,
,
,
,
,
,
,
,
,
,
,
,
,