OpenAI CEO ဆမ် အော့တ်မန်း၏ နေအိမ် မီးလောင်ဗုံး (Molotov cocktail) ဖြင့် ပစ်ပေါက်တိုက်ခိုက်ခံရ

News Image

  • OpenAI CEO ဆမ် အော့တ်မန်း၏ နေအိမ် မီးလောင်ဗုံး (Molotov cocktail) ဖြင့် ပစ်ပေါက်တိုက်ခိုက်ခံရ

OpenAI ၏ အမှုဆောင်အရာရှိချုပ် (CEO) ဆမ် အော့တ်မန်း (Sam Altman) ၏ ဆန်ဖရန်စစ္စကိုရှိ နေအိမ်သည် ပြီးခဲ့သည့် သောကြာနေ့ (ဧပြီ ၁၀) က မီးလောင်ဗုံး (Molotov cocktail) ဖြင့် ပစ်ပေါက် တိုက်ခိုက်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့နှင့် အော့တ်မန်းကိုယ်တိုင်က အတည်ပြု ပြောကြားခဲ့သည်။ အသက် ၂၀ အရွယ်ရှိ သံသယရှိသူ အမျိုးသားတစ်ဦးသည် အော့တ်မန်း၏ နေအိမ်ခြံစည်းရိုးတံခါးကို မီးလောင်စေတတ်သော ပစ္စည်း ဖြင့် ပစ်ပေါက်ခဲ့ပြီးနောက် တစ်နာရီခန့်အကြာတွင် OpenAI ဌာနချုပ်သို့သွားရောက်ကာ အဆောက်အအုံကို မီးရှို့ဖျက်ဆီးမည်ဟု ထပ်မံ ခြိမ်းခြောက်ခဲ့စဉ် ရဲတပ်ဖွဲ့၏ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ အော့တ်မန်းက ၎င်း၏ မိသားစုဓာတ်ပုံနှင့်အတူ ဘလော့ဂ်ပို့စ်တစ်ခုရေးသားခဲ့ပြီး လူမှုကွန်ရက်ပေါ်ရှိ ပြင်းထန်သော ပြောဆိုဝေဖန်မှုများနှင့် လုပ်ကြံဖန်တီးထားသော ဇာတ်လမ်းများ၏ နောက်ဆက်တွဲဆိုးကျိုးကို မိမိအနေဖြင့် အထင်သေးခဲ့မိကြောင်း ဝန်ခံ ခဲ့သည်။ 

အထူးသဖြင့် OpenAI ၏ လုံခြုံရေးဆိုင်ရာ ပျက်ကွက်မှုများနှင့် ပင်တဂွန် စစ်ဌာနချုပ်နှင့် ချုပ်ဆိုထားသည့် ဒေါ်လာ ၅၀ ဘီလီယံတန် စာချုပ် အပေါ် ဝေဖန်ထားသည့် "New Yorker" မဂ္ဂဇင်း၏ ဆောင်းပါး ထွက်ပေါ်လာပြီး နောက်ပိုင်း ယခုတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အော့တ်မန်းက AI နှင့်ပတ်သက်၍ လူထု၏စိုးရိမ်မှုများသည် တရားမျှတမှုရှိကြောင်း လက်ခံခဲ့ပြီး နောင်တွင် အငြင်းပွားဖွယ်ရာအသုံးအနှုန်းများနှင့် နည်းဗျူဟာများကို လျှော့ချကာ ဘေးကင်းလုံခြုံရေးကို ပိုမိုဦးစားပေးရန် တောင်းဆိုခဲ့သည်။

လက်ရှိအချိန်သည် OpenAI နှင့် အော့တ်မန်းတို့အတွက် အကျပ်အတည်း များစွာနှင့် ရင်ဆိုင်နေရသော ကာလလည်း ဖြစ်သည်။ ကုမ္ပဏီအနေဖြင့် စစ်ဘက်ဆိုင်ရာ လျှို့ဝှက်စစ်ဆင်ရေးများတွင် နည်းပညာ အသုံးပြုခွင့် ပေးထားမှုကြောင့် လူထု၏ဝေဖန်မှုကို ပြင်းထန်စွာ ခံနေရရုံသာမက တွဲဖက်တည်ထောင်သူဟောင်း Elon Musk ၏ တရားစွဲဆိုမှုကိုလည်း ရင်ဆိုင်နေရသည်။ 

Musk က အော့တ်မန်းသည် ကုမ္ပဏီကို အကျိုးအမြတ် မယူသော အဖွဲ့အစည်းအဖြစ် ဆက်လက်ထားရှိမည်ဟုဆိုကာ ၎င်းထံမှ ဒေါ်လာ ၃၈ သန်း လှူဒါန်းစေရန် လှည့်ဖြားခဲ့သည်ဟု စွပ်စွဲထားပြီး အော့တ်မန်း ကို ရာထူးမှဖယ်ရှားရန် ကြိုးပမ်းလျက်ရှိသည်။ ယခုဖြစ်စဉ်နှစ်ခုလုံးတွင် ထိခိုက်ဒဏ်ရာရသူ မရှိသော်လည်း တိုက်ခိုက်သူ၏ နောက်ကွယ်မှ အကြောင်းရင်းကိုမူ ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး