လားရှိုးမြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
လားရှိုး ဧပြီ ၂၃
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လားရှိုးမြို့နယ်ဦးစီးမှူးရုံးမှ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများရရှိစေရေး ကွင်းဆင်းဆောင်ရွက်ပေးနေမှုကို တာဝန်ရှိသူများက ဧပြီ ၂၃ ရက် ညနေပိုင်းက ကြည့်ရှုအားပေးသည်။
ထိုသို့ကြည့်ရှုအားပေးရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လားရှိုးခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးကျော်မော်ထွန်း၊ လားရှိုးမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်သက်နိုင်နှင့် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များက အသက် ၁၈ နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများ၊ အသက် ၁၀ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးလက်ဝယ်ရရှိစေရေးအတွက် လားရှိုးမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ရပ်ကွက် (၁၀) မြို့ဝမ်ရပ်ကွက်နှင့် ရပ်ကွက်(၇) သံလွင်ရပ်ကွက်တို့တွင် ကွင်းဆင်းဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)
MDN
