ဂျာမနီ နိုင်ငံအခြေစိုက် အမေရိကန်တပ်ဖွဲ့ဝင် ၅,၀၀၀ ထက်မက ပိုမို လျှော့ချသွားရန် အစီအစဉ်ရှိကြောင်း ထရမ့် ပြောကြား
ဂျာမနီနိုင်ငံရှိ အမေရိကန်တပ်ဖွဲ့ဝင်များကို လာမည့်နှစ်အတွင်း ၅,၀၀၀ ခန့် ရုပ်သိမ်းမည်ဟု ပင်တဂွန်စစ်ဌာနချုပ်က ကနဦးထုတ်ပြန်ထား သော်လည်း ယင်းပမာဏထက် ပိုမိုများပြားစွာ လျှော့ချသွားရန် အစီအစဉ် ရှိကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က စနေနေ့ (မေ ၂) တွင် ပြောကြားခဲ့သည်။
တောင်ဖလော်ရီဒါပြည်နယ်တွင် Air Force One လေယာဉ်ပေါ်သို့မတက်မီ သတင်းထောက်များအား ထရမ့်က “ကျွန်တော်တို့ တပ်ဖွဲ့ဝင်အရေအတွက်ကို အများကြီးလျှော့ချသွားမှာပါ ၊ ၅,၀၀၀ ထက်မက ပိုပြီးတော့ လျှော့ချမှာပါ” ဟု ပြောကြားခဲ့သည်။
ဥရောပရှိ အမေရိကန်တပ်ဖြန့်ထားမှု အခြေအနေကို အသေအချာ ပြန်လည်သုံးသပ်ပြီးနောက် လာမည့် ၆ လမှ ၁၂ လအတွင်း တပ်ဖွဲ့ဝင် ၅,၀၀၀ ခန့်ကို ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း ပင်တဂွန်ကထုတ်ပြန်ခဲ့ပြီး တစ်ရက်အကြာတွင် သမ္မတ၏မှတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
အမေရိကန်သည် အီရန်ကြောင့် အရှက်ရနေရသည်ဟု ဂျာမနီ ဝန်ကြီးချုပ် ဖရိုင်းဒရစ် မာ့ဇ် (Friedrich Merz) က ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ တပ်ဖွဲ့ဝင်လျှော့ချမည့် အရိပ်အယောင်များကို သမ္မတက ယခုသီတင်းပတ်အစောပိုင်းတွင် စတင်ပြသခဲ့ခြင်းဖြစ်သည်။ အမေရိကန်က NATO မဟာမိတ် အများစုကိုအသိမပေးဘဲ အီရန်နှင့်စစ်ပွဲစတင်ခဲ့ခြင်းကြောင့် ဥရောပ ခေါင်းဆောင်များနှင့် ထရမ့်အစိုးရအကြား တင်းမာမှုများ ပြင်းထန်လျက်ရှိသည်။
ဂျာမနီကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ္စတိုးရီးယပ်စ် (Boris Pistorius) ကမူ အဆိုပါလုပ်ရပ်သည် ကြိုတင်ခန့်မှန်းထားပြီးသော အခြေအနေ ဖြစ်သည်ဟုဆိုကာ အလေးမထားသကဲ့သို့တုံ့ပြန်ခဲ့ပြီး ၎င်းက ဥရောပ အနေဖြင့် မိမိတို့၏လုံခြုံရေးအတွက် ကိုယ်တိုင်တာဝန်ယူရန် ပိုမိုလိုအပ်လာကြောင်း ပြသနေသည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
ဂျာမနီနိုင်ငံသည် ဥရောပရှိ အမေရိကန်လေတပ်ဌာနချုပ်ဖြစ်သော ရမ်းစတိန်း (Ramstein) လေတပ်စခန်း တည်ရှိရာနေရာဖြစ်ပြီး ၎င်းစခန်းသည်လေကြောင်းမှ ကုန်စည်ပို့ဆောင်ခြင်းနှင့် လူနာသယ်ယူပို့ဆောင်ခြင်းလုပ်ငန်းများကို လုပ်ဆောင်သည့်အပြင် နေတိုးအဖွဲ့၏ အခြေစိုက်စခန်းတစ်ခုလည်းဖြစ်ကြောင်း NATO ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး

,
,
,
,
,