နိုင်ငံတော်က အားကိုးအားထားပြုရမည့် ထူးချွန်ထက်မြက်သည့် နိုင်ငံ့သားကောင်း၊ သမီးကောင်းများ ဖြစ်လာစေရေး စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်စေလို
နေပြည်တော် မေ ၇
၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဒွါဒသမတန်း လူရည်ချွန်စခန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်း တွင် နေပြည်တော်လူရည်ချွန်စခန်း (Royal President Hotel)၌ ကျင်းပသည်။
ဦးစွာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဒွါဒသမ တန်း နေပြည်တော်လူရည်ချွန်စခန်း မုခ်ဦးကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ နေပြည်တော်ကောင်စီဝင် ဦးထွန်းထွန်း နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ် ပေးသည်။
ယင်းနောက် အမှတ်(၁၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက လူရည်ချွန်စွမ်းအား သီချင်းဖြင့် ဖျော်ဖြေကြသည်။
ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအား ပေးစို့”ဆောင်ပုဒ်နှင့်အညီ ပညာရေးကဏ္ဍ ကိုအားပေးမြှင့်တင်လျက်ရှိရာ “တွေးခေါ်ကြံဆ ဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်ရှိ ၍ ဗလငါးတန်ပြည့်စုံသည့် နိုင်ငံ့သားကောင်း များဖြစ်ထွန်းရေးကို ဦးတည်လေ့ကျင့်ပေးရန်” ဆိုသည့် အမျိုးသားပညာရေးရည်မှန်း ချက်ကို ချမှတ်ထားရှိပြီး အခြေခံပညာရေး နှင့် အဆင့်မြင့်ပညာရေးကဏ္ဍနှစ်ရပ်လုံး အတွက် ဗလငါးတန်တည်းဟူသော ကာယ ဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလတို့နှင့်ပြည့်စုံသော လူငယ်များ ပြုစုပျိုးထောင်ရေးကို အဓိကထားဆောင် ရွက်လျက်ရှိပြီး လူရည်ချွန်စီမံကိန်းသည် လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ Grade-12 လူရည်ချွန် မောင်မယ်များအနေ ဖြင့် မိမိတို့ဒေသ၊ ကျောင်း၊ ပတ်ဝန်းကျင်တွင် အခြားသော ကျောင်းသား၊ ကျောင်းသူများ အတုယူရမည့် အမူအကျင့်ကောင်းများကို ဆက်လက်ထိန်းသိမ်းသွားကြရန်လိုကြောင်း နှင့် နေပြည်တော်လူရည်ချွန် အပန်းဖြေစခန်းမှ ခွန်အားသစ်များရရှိပြီး နိုင်ငံတော်က အားကိုးအားထားပြုရမည့် ထူးချွန်ထက်မြက် သည့် နိုင်ငံ့သားကောင်း၊ သမီးကောင်းများ ဖြစ်လာစေရေး စဉ်ဆက်မပြတ်ကြိုးပမ်း အားထုတ်စေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဒွါဒသမတန်း လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများကို ရင်ထိုးတံဆိပ်တပ်ဆင်ပေးခြင်း၊ နေပြည်တော်လူရည်ချွန်စခန်းမှ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီဝင် ဦးထွန်းထွန်းတို့အား အမှတ်တရလက်ဆောင် ပစ္စည်းပေးအပ်ခြင်းနှင့် ဒွါဒသမတန်း လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ ကိုယ်စား လူရည်ချွန်တစ်ဦးက ကျေးဇူးတင် စကားပြောကြားခြင်းများ ဆောင်ရွက်ကြ ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
MWD
