အမေရိကန်-အီရန် စစ်ရေးတင်းမာမှုများကြား ဘူရှဲနျူကလီးယားစက်ရုံ ပုံမှန်လည်ပတ်နေပြီး တည်ဆောက်ရေးလုပ်ငန်းများ ပြန်လည်စတင်

News Image

  • အမေရိကန်-အီရန် စစ်ရေးတင်းမာမှုများကြား ဘူရှဲနျူကလီးယားစက်ရုံ ပုံမှန်လည်ပတ်နေပြီး တည်ဆောက်ရေးလုပ်ငန်းများ ပြန်လည်စတင်

အမေရိကန်နှင့် အီရန်တို့အကြား စစ်ရေးအရ အပြန်အလှန်တိုက်ခိုက်မှုများ ပြင်းထန်နေသော်လည်း အီရန်နိုင်ငံရှိ ဘူရှဲ (Bushehr) နျူကလီးယား စက်ရုံမှာ ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နေကြောင်း ရုရှားနိုင်ငံပိုင် နျူကလီးယားကော်ပိုရေးရှင်း (Rosatom) က အတည်ပြုပြောကြား လိုက်သည်။ 

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဟော်မုဇ်ရေလက်ကြားအနီးတွင် အမေရိကန် ၏ တိုက်ခိုက်မှုများနှင့် အီရန်၏ လက်တုံ့ပြန်မှုများ ရှိခဲ့သော်လည်း စက်ရုံ တည်ရှိရာနေရာ၌ အခြေအနေမှာ ယေဘုယျအားဖြင့် တည်ငြိမ်နေပြီး လက်ရှိလည်ပတ်နေသော ယူနစ်-၁ ဓာတ်ပေါင်းဖိုမှာလည်း စွမ်းဆောင်ရည် အပြည့်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးလျက်ရှိသည်။

စစ်ရေးပဋိပက္ခများကြောင့် ပြီးခဲ့သည့် မတ်လနှင့် ဧပြီလများအတွင်း စက်ရုံ အနီး ပေါက်ကွဲမှုများဖြစ်ပွားခဲ့ရာ Rosatom အနေဖြင့် ဝန်ထမ်းဘေးကင်းရေးအတွက် ကျွမ်းကျင်ပညာရှင် အရေအတွက်ကို ၇၀၀ ခန့်မှ ၂၀ ဦးအထိ လျှော့ချခဲ့ရသည်။ သို့သော်လည်း လက်ရှိတွင် အခြေအနေများ ပြန်လည် ငြိမ်သက်လာပြီဖြစ်သောကြောင့် ရပ်နားထားရသည့် တည်ဆောက်ရေး လုပ်ငန်းများကို တဖြည်းဖြည်းချင်း ပြန်လည်စတင်နေပြီဖြစ်သည်။ ယခုအခါ အီရန်ကန်ထရိုက်တာ ဝန်ထမ်းပေါင်း ၂,၂၀၀ ခန့်သည် တည်ဆောက်ဆဲယူနစ်-၂ ဓာတ်ပေါင်းဖို၏ အခြေခံတည်ဆောက်ရေးလုပ်ငန်းများတွင် ပြန်လည်ဝင်ရောက် လုပ်ကိုင်နေပြီဖြစ်ကြောင်း သိရသည်။

ဘူရှဲနျူကလီးယားစက်ရုံသည် အီရန်နိုင်ငံ၏ စွမ်းအင်ကဏ္ဍအတွက် အလွန်အရေးပါသော အခြေခံအဆောက်အအုံဖြစ်ပြီး၊ ရုရှားနိုင်ငံ၏ အကူအညီဖြင့် နောက်ထပ်ဓာတ်ပေါင်းဖိုသစ် နှစ်ခုကိုလည်း ၂၀၁၆ ခုနှစ်ကတည်းက တိုးချဲ့တည်ဆောက်လျက်ရှိသည်။ Rosatom စီအီးအို အလက်ဇေး လီခါချက်ဗ်က ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးအတွက် စစ်ရေးအန္တရာယ်မရှိတော့ကြောင်းသေချာပါက ရုရှား ကျွမ်းကျင်ပညာရှင်များကို အင်အားအပြည့်ဖြင့် အမြန်ဆုံး ပြန်လည်စေလွှတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် စက်ရုံအတွင်း နျူကလီးယား လောင်စာ အမြောက်အမြား ရှိနေသဖြင့် အဆိုပါနေရာအား တိုက်ခိုက်ခြင်းခံရပါက ဒေသတွင်းအဆင့်အထိ ဘေးအန္တရာယ်ကြီးမားစွာ သက်ရောက် နိုင်ကြောင်းလည်း ၎င်းက သတိပေးပြောကြားထားသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး